ရဲနှင့် ဂျူးများအား COVID-19 ကူးစက်အောင် ဖြန့်ရန် နာဇီလက်သစ်နှင့် လူဖြူလူမျိုးကြီးဝါဒီများ တိုက်တွန်းလှုံ့ဆော်

ရဲနှင့် ဂျူးများအား COVID-19 ကူးစက်အောင် ဖြန့်ရန် နာဇီလက်သစ်နှင့် လူဖြူလူမျိုးကြီးဝါဒီများ တိုက်တွန်းလှုံ့ဆော်

မတ်လ ၂၃။                ။ အမေရိကန်နိုင်ငံတွင် နာဇီလက်သစ်နှင့် လူဖြူလူမျိုးကြီးဝါဒီ အုပ်စုများအပါအဝင် အစွန်းရောက်အုပ်စုများက ၎င်းတို့၏ အဖွဲ့ဝင်များအား ရဲနှင့် ဂျူးများကို COVID-19 ကူးစက်အောင် ဖြန့်ကြရန် အားပေးလှုံ့ဆော်လျက်ရှိသည်ဟု ABC News သတင်းဌာနက ရရှိသည့် FBI အစီရင်ခံစာအရ သိရသည်။

“အစွန်းရောက်အုပ်စုတွေဟာ ဗိုင်းရပ်စ်ဖြန့်ဖို့ အချင်းချင်းကြားမှာ အားပေးလှုံ့ဆော်နေကြတယ်။ ဗိုင်းရပ်စ် ကူးစက်ခံရပြီဆိုရင် ကိုယ်ခန္ဓာက ထွက်တဲ့ အရည်နဲ့ လူလူချင်း ထိတွေ့ချင်းတွေကနေ ကူးစက်အောင် လုပ်ဖို့ အား ပေးလှုံ့ဆော်နေတာ ဖြစ်တယ်။”ဟု FBI ၏ နယူးယောက်ရုံးက ထုတ်ပြန်သည့် သတိပေးချက်တွင် ဖော်ပြသည်။

ယင်းအုပ်စုများဆီမှ ကြားဖြတ်ရရှိသော မက်ဆေ့ချ်များအရ အဖွဲ့ဝင်များအား ကိုယ်ခန္ဓာမှ ထွက်သည့် အရည်များ ဖြည့်ထားသည့် စပရေးဘူးများဖြင့် ရဲများကို တိုက်ခိုက်ရန် တိုက်တွန်းထားကြောင်း သိရသည်။ ထိုပြင် ဈေး များ၊ နိုင်ငံရေးရုံးများ၊ စီးပွားရေးလုပ်ငန်းများနှင့် ဝတ်ပြုဆောင်များအပါအဝင် ဂျူးများ ရှိနေနိုင်သည့် နေရာများသို့ သွားရောက်ကာ ဗိုင်းရပ်စ် ကူးစက်ပြန့်ပွားအောင် လုပ်ဆောင်ရန် ညွှန်ကြားထားသည်။

“ဂျူးတွေက ကာကွယ်ဆေး ရောင်းချဖို့အတွက် ကိုရိုနာဗိုင်းရပ်စ်ကို မွေးမြူထုတ်လုပ်ခဲ့တယ်ဆိုတဲ့ အတွေးအခေါ်ကို ရိုက်သွင်းပြီး ဂျူးအသိုင်းအဝိုင်းနဲ့ ရဲတွေကို ကိုရိုနာဗိုင်းရပ်စ်  ကူးစက်ဖြစ်ပွားအောင် ဖြန့်ဖို့ အဖွဲ့ဝင် နောက်လိုက်တွေကို အားပေးလှုံ့ဆော်နေတာ ဖြစ်တယ်။”ဟု နိုင်ငံတလွှားက ဂျူးလူမျိုးများ လုံခြုံရေးဆိုင်ရာ အဖွဲ့များနှင့် ဘုရားကျောင်းများ ပေါင်းစည်းထားသော Secure Communities Network အဖွဲ့မှ အကြီး အကဲဖြစ်သူ မိုက်ကယ်မာစတာက ABC သတင်းဌာနသို့ ပြောသည်။

“ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားနေချိန်မှာ ကျွန်တော်တို့က လူဖြူလူမျိုးကြီးဝါဒီတွေနဲ့ နာဇီလက်သစ်တွေကို စောင့်ကြည့်နေခဲ့တာ ဖြစ်တယ်။ ဗိုင်းရပ်စ်ကို အသုံးချပြီး သူတို့တွေ အွန်လိုင်းပလက်ဖောင်းမှာ လျှို့ဝှက်အကြံ အစည်တွေ၊ သတင်းမှား ဖြန့်တာတွေနဲ့ ဆူပူအုံ့ကြွအောင် လှုံ့ဆော်တာတွေကို စောင့်ကြည့်နေခဲ့တာ ဖြစ်တယ်။”ဟု ၎င်းက ပြောသည်။

အစွန်းရောက်အုပ်စုများအရေး Southern Poverty Law Center ၏ နှစ်ပတ်လည်အစီရင်ခံစာ၌လည်း ပြီးခဲ့သည့် သုံးနှစ်အတွင်း လူဖြူလူမျိုးကြီးဝါဒီ အုပ်စုများသည် ၅၅ ရာခိုင်နှုန်း တိုးပွားလာကြောင်း၊ ၂၀၁၇ ခုနှစ်က ၁၀၀ ရှိရာမှ ၂၀၁၈ တွင် ၁၄၈ နှင့် ၂၀၁၉ တွင် ၁၅၅ စုအထိ ရှိလာခဲ့ကြောင်း ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly