မင်းပြားရှိ တပ်မတော်လေ့ကျင့်ရေးကျောင်းကို AA အဖွဲ့ဝင်တိုက်၍ တိုက်ပွဲပြင်းထန်နေ

မင်းပြားရှိ တပ်မတော်လေ့ကျင့်ရေးကျောင်းကို AA အဖွဲ့ဝင်တိုက်၍ တိုက်ပွဲပြင်းထန်နေ
ပုံ - AA တပ်ဖွဲ့ဝင်များကိုတွေ့ရစဉ် (ပုံ- AA Info)

ရန်ကုန်၊ မတ် ၂၃။              ။ ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်ရှိ ကမ်းနီ တပ်မတော် လေ့ကျင့်ရေး သင်တန်းကျောင်းကို ရခိုင့်တပ်ဖွဲ့(AA) က လာရောက် တိုက်ခိုက်ခဲ့သည့်အတွက် တပ်မတော်နှင့် AA ကြား တိုက်ပွဲ ပြင်းထန်နေ သည်ဟု ဒေသခံများက ပြောသည်။

အဆိုပါ တိုက်ခိုက်မှုကို AA ဘက်က မတ်လ ၂၃ ရက် နံနက် အစောပိုင်းက ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး နေ့လယ်ပိုင်းအထိ အပြန်အလှန် ပစ်ခတ်မှုများ ရှိနေကြောင်း သိရသည်။

မင်းပြားမြို့နယ် မဲဆန္ဒနယ်အမှတ်(၁) ရခိုင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးလှသိန်းအောင်က “၅ နာရီ လောက်မှာ သေနတ်သံတွေ ကြားတယ်။ လက်နက်ကြီးတွေ ပစ်တယ်လို့လည်း ပြောတယ်။ ဘယ်သူ တိုက် တယ် ဆိုတာတော့ မပြောတတ်ဘူးဗျ၊ အရပ်သား ထိခိုက်တာတော့ မရှိဘူး။ အဲ့အနီးအနားက ရွာတွေကတော့ စိုးရိမ်နေကြတယ်။ သူတို့ရွာထဲကို လက်နက်ကြီးတွေ ကျမှာစိုးလို့”ဟု ပြောသည်။

တိုက်ပွဲ ဖြစ်စဉ်နှင့် ပတ်သက်ပြီး AA သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ  ဦးခိုင်သုခကို မဇ္ဈိမက ဆက်သွယ်ရာ မေးမြန်းရာမှာတော့ တိုက်ပွဲဖြစ်ပွားနေသည်ကို သိသော်လည်း အသေးစိတ် အချက်အလတ်ကို မသိသေး ကြောင်း ဆိုသည်။

မင်းပြားမြို့နယ်မှာ ဖြစ်ပွားနေသော တိုက်ပွဲမှာ ပြင်းပြင်းထန်ထန် ဖြစ်ပွားနေပြီး တပ်မတော်ဘက်မှ လေယာဉ် အသုံးပြု တိုက်ခိုက်မှုရှိခဲ့ကြောင်း မင်းပြားမြို့နယ် မဲဆန္ဒနယ်အမှတ် (၂) ရခိုင်ပြည်နယ် လွှတ်တော် ကိုယ်စား လှယ် ဦးလှအောင်ညွှန့်က ပြောသည်။

ပုံ -    ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ် အဝင်ကို တွေ့ရစဉ် (ပုံ- Khine Min Nyo)

အဆိုပါ အခြေအနေများနှင့် ပတ်သက်ပြီး မဇ္ဈိမက တပ်မတော်ဘက်သို့ ဆက်သွယ်သော်လည်း ဖုန်းကိုင် ဖြေခြင်း မရှိသည့်အတွက် တစ်စုံတစ်ရာ မသိရသေးပေ။

တပ်မတော်နှင့် AA တို့ မင်းပြားမြို့နယ်ရှိ  ကမ်းနီ တပ်မတော် လေ့ကျင့်ရေး သင်တန်းကျောင်းအနီး ဖြစ်ပွားနေသော တိုက်ပွဲကြောင့် ရန်ကုန်-စစ်တွေ ကားလမ်းတွင် ကားအသွားအလာများ ပြတ်တောက် နေသည်ဟုလည်း ဒေသခံများထံမှ သိရသည်။

တပ်မတော်နှင့် AA တို့သည် ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလကနေ ယနေ့ချိန်ထိ ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်းမှာ တိုက်ပွဲများ ဖြစ်ပွားနေခြင်းကြောင့် ရခိုင်ပြည်နယ်မှာ တိုက်ပွဲရှောင် တစ်သိန်းခွဲ ရှိ နေသလို ပလက်ဝမှာ တိုက်ပွဲရှောင် ၃၀၀၀ ကျော်ရှိနေကြောင်း သိရသည်။

ထို့နောက် တိုက်ပွဲ ဖြစ်ပွားမှုကြောင့် အရပ်သား ၁၀၀ ဝန်းကျင် သေဆုံးမှုများ ရှိနေသလို ဒဏ်ရာ ရရှိမှုများနှင့် ဖမ်းဆီး ထိန်းသိမ်းခံထားရမှုများလည်း ရှိနေကြောင်း အရပ်ဖက် အဖွဲ့အစည်းများနှင့် လူ့အခွင့်အရေး စောင့် ကြည့်ရေးအဖွဲ့များထံမှ သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly