COVID-19 တိုက်ဖျက်ရေး ဒေါ်နယ်ထရမ့်ရဲ့ အကူအညီကမ်းလှမ်းမှု အီရန် ငြင်းပယ်

COVID-19 တိုက်ဖျက်ရေး ဒေါ်နယ်ထရမ့်ရဲ့ အကူအညီကမ်းလှမ်းမှု အီရန် ငြင်းပယ်

မတ် ၂၃။             ။ ကိုရိုနာဗိုင်းရပ်စ် (COVID-19) တိုက်ဖျက်ရေးအတွက် အကူအညီပေးမယ်ဆိုတဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ကမ်းလှမ်းချက်ကို လက်ခံမှာမဟုတ်ကြောင်း အီရန် ဘာသာရေးခေါင်းဆောင် အလီ ခါမေနီက မတ်လ ၂၂ ရက်မှာ ပြောကြားသွားခဲ့ပါတယ်။

ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရေးအတွက် မဟာရန်ဘက် အမေရိကန်နိုင်ငံဘက်ကနေ ကမ်းလှမ်းလာမယ့် ဘယ်လို အကူအညီမျိုးကိုမဆို အီရန်နိုင်ငံအနေနဲ့  ဘယ်တော့မှ လက်ခံသွားမှာ မဟုတ်ကြောင်း ခါမေနီက ပြောသွား ခဲ့တာ ဖြစ်ပါတယ်။ တချိန်တည်းမှာပဲ နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် နောက်ထပ် လူ ၁၂၉ ဦးထပ်မံသေဆုံးကြောင်း အီရန် အာဏာပိုင်တွေက ကြေညာသွားခဲ့ပါတယ်။

ရုပ်သံကနေ ထုတ်လွှင့်တဲ့ မိန့်ခွန်းတစ်ခုမှာ ပြောကြားစဉ် ခါမေနီက ဝါရှင်တန်ကို တိုက်ရိုက်ရည်ညွန်းပြီး ပြောဆိုသွားခဲ့တာ ဖြစ်ပါတယ်။ “ ဘယ်သူမှ မင်းတို့ကို ယုံမှာမဟုတ်ဘူး၊ နောက်ပြီး ဗိုင်းရပ်စ်ကို အမြစ်ဖြတ်လို့ မရ အောင် ဗိုင်းရပ်စ်ဆက်ရှင်နေအောင် လုပ်မယ့်ဆေးကိုတောင် ငါတို့ နိုင်ငံထဲကို မင်းတို့ ယူလာနိုင်စွမ်း ရှိတယ်လေ” လို့ ခါမေနီက ပြောသွားခဲ့ပါတယ်။

အီတလီ၊ စပိန်၊ တရုတ်တို့နဲ့အတူ အီရန်နိုင်ငံဟာလည်း COVID-19 ကူးစက်ဖြစ်ပွားမှုဒဏ် အဆိုးရွားဆုံး ခံစားထားခဲ့ရတဲ့ နိုင်ငံ ဖြစ်ပါတယ်။

ယင်းနိုင်ငံမှာ COVID-19 ကြောင့် စုစုပေါင်း သေဆုံးသူ ၁,၆၈၅ ဦး ရှိနေပြီလို့ ကျန်းမာရေးဝန်ကြီးဌာနက  ထုတ်ပြန်ထားပါတယ်။

တကယ်လို့ အီရန် ခေါင်းဆောင်တွေဘက်ကသာ အကူအညီတောင်းလာမယ်ဆိုရင် ကိုရိုနာဗိုင်းရပ်စ်တိုက်ဖျက်ဖို့အတွက် အီရန်ကို ကူညီပေးဖို့ အဆင်သင့်ရှိတယ်ဆိုပြီး အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၉ ရက်မှာ ပြောထားခဲ့တာဖြစ်ပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly