မော်ရိုကိုမှာ အိမ်မှာပဲ နေကြရန် အမိန့်ကို ဘာသာရေး ဝတ်ပြုဆုတောင်းသူတွေ ဖီဆန်တာကြောင့် စစ်တပ်က တင့်ကားတွေ ဖြန့်ကြက်

မော်ရိုကိုမှာ အိမ်မှာပဲ နေကြရန် အမိန့်ကို ဘာသာရေး ဝတ်ပြုဆုတောင်းသူတွေ ဖီဆန်တာကြောင့် စစ်တပ်က တင့်ကားတွေ ဖြန့်ကြက်

မတ်လ ၂၃။          ။ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုကို တိုက်ဖျက်ရန်အတွက် မော်ရိုကိုနိုင်ငံမှာ အပြင်မထွက်ဘဲ အိမ်ထဲမှာပဲ နေကြဖို့ ထုတ်ပြန်ထားတဲ့ အမိန့်ကို ဖီဆန်ပြီး လူအုပ်စုတွေက ဘာသာရေးဝတ်ပြုဖို့ သွားကြတာနဲ့ လမ်းတွေပေါ်ထွက် ဆန္ဒပြကြတာတွေကြောင့် ရာဘတ်နဲ့ ကာစာဘလန်ကာမြို့တွေမှာ စစ်တပ်တင့်ကားတွေ ဖြန့်ကြက်ကင်းလှည့်လျက် ရှိပါတယ်။

တန်ဂီယား၊ ဖက်ဇ်နဲ့ တီတော့ယန်မြို့တွေမှာ ‘ဘုရားက အမြင့်မြတ်ဆုံး၊ သူသာ ကျွန်တော်တို့ကို ကယ်တင်နိုင်လိမ့်မယ်’ လို့ လူအုပ်စုတွေက ကြွေးကြော်ဆန္ဒပြကြတာကို လူမီဒီယာနဲ့ ဌာနေသတင်းဌာနတွေမှာ မြင်တွေ့ရပါတယ်။

မော်ရိုကိုမှာ ဗလီတွေကို ပိတ်ထားပြီး ယုံကြည်သက်ဝင်သူတွေအနေနဲ့ နေအိမ်မှာပဲ ဝတ်ပြုဖို့အတွက် ဘာသာရေးအာဏာပိုင်တွေက ညွှန်ကြားထားတာ ဖြစ်ပါတယ်။

မွတ်စလင်အများစု မော်ရိုကိုမှာ သောကြာနေ့ ညနေပိုင်းကစလို့ အရေးပေါ်ပြည်သူ့ကျန်းမာရေးအခြေအနေ အသက်ဝင်ခဲ့တာဖြစ်ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ စစ်တပ်က လမ်းတွေမှာ ကင်းလှည့်ဖြန့်ကြက်နေတာ ဖြစ်ပါတယ်။

မြို့တော် ရာဘတ်မှာ စစ်တပ်တင့်ကားတွေကို ဖြန့်ကြက်ထားတယ်လို့ အေအက်ဖ်ပီ သတင်းထောက်တစ်ဦးက ပြောသလို ဌာနေသတင်းတွေအရလည်း အလားတူ အခြားမြို့တွေမှာလည်း စစ်တပ်တင့်ကားတွေ ဖြန့်ကြက်ထားကြောင်း သိရပါတယ်။

ပြည်သူတွေကို အပြင်မထွက်ဘဲ အိမ်ထဲမှာ နေကြဖို့ အမိန့်ထုတ်ထားသလို မြို့တစ်မြို့က တစ်မြို့ကြား အများပြည်သူ သယ်ယူပို့ဆောင်မှုနဲ့ ခရီးသွားလာမှုတွေကိုလည်း ကန့်သတ်ထားပြီး ဖြစ်ပါတယ်။

အဲဒီ ထုတ်ပြန်ထားတဲ့ အမိန့်တွေကို မနာခံသူတွေကို တစ်ခါတစ်ရံ ကြမ်းကြမ်းတမ်းတမ်း ဖမ်းဆီးပုံတွေလည်း လူမှုမီဒီယာမှာ ပြန့်နှံ့လျက် ရှိပါတယ်။

အရပ်ဖက်အမိန့်တွေကို မနာခံကြဖို့ တိုက်တွန်းဆော်ဩကြတာနဲ့ သတင်းတုတွေ ဖြန့်ဝေတာတွေကြောင့် ပြီးခဲ့တဲ့ ရက်တွေအတွင်း လူ ၂၀ နီးပါးကို ဖမ်းဆီးထားရကြောင်း လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

မော်ရိုကိုနိုင်ငံမှာ ပြီးခဲ့တဲ့ သီတင်းပတ်ကတည်းက စီးပွားဖြစ် လေကြောင်းပျံသန်းမှုအားလုံးကို နောက်ထပ် ညွှန်ကြားချက် မရမချင်း ရပ်ဆိုင်းထားတာဖြစ်ပေမယ့် သောင်တင်နေတဲ့ နိုင်ငံခြားသားတွေကို နိုင်ငံရင်း ပြန်ပို့ဖို့အတွက် အထူးလေယာဉ်တွေကိုပဲ ခွင့်ပြုထားပါတယ်။

နိုင်ငံတွင်းမှာ COVID-19 ဖြစ်ပွားသူပေါင်းဟာ တနင်္ဂနွေနေ့အထိ ၁၀၈ ဦးအထိ ရှိပြီး သေဆုံးသူ သုံးဦးရှိကာ သုံးဦးက ပြန်လည်ကျန်းမာရေး ကောင်းမွန်လာခဲ့ကြောင်း သိရပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly