တရုတ်စူပါလိဂ်မှာ Covid-19 ကူးစက်ခံရတဲ့ ပထမဆုံး ကစားသမား ဖယ်လိုင်နီ

တရုတ်စူပါလိဂ်မှာ Covid-19 ကူးစက်ခံရတဲ့ ပထမဆုံး ကစားသမား ဖယ်လိုင်နီ
Photo: EPA

အဲဗာတန်၊ မန်ယူအသင်းတို့ရဲ့ ကွင်းလယ်ကစားသမားဟောင်း ဖယ်လိုင်နီ ကတော့ တရုတ်စူပါလိဂ် ကစားသမားတွေထဲမှာ ပထမဆုံး Covid-19 ကူးစက်ခံရသူ ဖြစ်လာခဲ့ပါတယ်။ တရုတ်စူပါလိဂ်ကလပ် ရှန်ဒေါင်း လူနန် မှာ ကစားနေတဲ့ ဖယ်လိုင်နီ ဟာ ကစားသမားတွေကို Covid-19 စစ်ဆေးမှု ရလဒ် ထွက်ပေါ်လာခဲ့ပြီးနောက် Covid-19 ကူးစက်ခံနေရတဲ့ တစ်ဦးတည်းသော ကစားသမားဖြစ်ကြောင်း တွေ့ရှိခဲ့ရတာပါ။

အသက် (၃၂)နှစ်အရွယ် ဖယ်လိုင်နီ ကို လက်ရှိမှာတော့ ဂျီနန်ဆေးရုံမှာ ခွဲခြားကုသမှုတွေ ပြုလုပ်နေပြီး အခြေအနေကောင်းတယ်လို့ သိရပါတယ်။

အင်္ဂလန်မြေမှာ (၁၁)ရာသီလောက် ကျင်လည်ခဲ့တဲ့ ဖယ်လိုင်နီဟာ Covid-19 ကို ရှောင်ရှားဖို့ ဒူဘိုင်းကို အလည်အပတ်သွားနေခဲ့ပေမယ့်လည်း သူ တရုတ်ကို ပြန်လည်ရောက်ရှိလာခဲ့ပြီး ရက်ပိုင်းအကြာမှာ ရောဂါပိုး ကူးစက်ခြင်းခံခဲ့ရတာပါ။

“ဖယ်လိုင်နီ တစ်ယောက် Covid-19 စစ်ဆေးမှုမှာ Positive ဖြစ်ကြောင်းနဲ့ သူ့ကို ဆေးရုံမှာ ကုသမှု ခံယူနေစေကြောင်း” ကို အသင်းဝက်ဆိုက်ကနေ တရားဝင် ကြေညာထားပါတယ်။

ရှန်ဒေါင်းလူနန်အသင်းဟာ သူတို့ရဲ့  ကစားသမားတွေကို Covid-19 ရှိ၊မရှိ စစ်ဆေးမှု ပြုလုပ်ခဲ့ပြီး (၁၄)ရက်ကြာ စောင့်ကြည့်မှု လုပ်ခဲ့တာပါ။ အဲဒီနောက် ဆေးစစ်ချက်အဖြေတွေ ထွက်လာချိန်မှာတော့ ဖယ်လိုင်နီက ကံဆိုးခဲ့တာပဲဖြစ်ပါတယ်။

အသင်းရဲ့ ဆေးအဖွဲ့က ဖယ်လိုင်နီဟာ စောင့်ကြည့်ကာလ မှာ အပူချိန်မြင့်တက်လာခြင်းမျိုးမရှိသလို၊ Covid-19 ဝေဒနာတွေ ပြသနေခြင်းမျိုးလည်းမရှိခဲ့ဘူးလို့ ဆိုပါတယ်။

ကျန်းမာရေးအဖွဲ့က ဖယ်လိုင်နီဟာ လေဆိပ်မှာ ရောဂါကူးစက်ခံခဲ့ရတာ ဖြစ်နိုင်ကြောင်း ကောက်ချက်ချခဲ့ပြီး လေဆိပ်မှာ ကိုယ်ပူချိန် စစ်ဆေးမှုတွေကိုသာ မကပဲ အခြား ကျန်းမာရေးစစ်ဆေးမှုတွေကိုပါ ပြုလုပ်ဖို့ စီစဉ်နေပါပြီ။

ဖယ်လိုင်နီ ကိုယ်တိုင်ကတော့ သူ့ရဲ့ တွစ်တာအကောင့်ကနေ ပရိသတ်တွေဆီ အသိပေးသွားခဲ့ပြီး လက်ရှိအချိန်မှာ ကုသမှု ခံယူနေကြောင်းနဲ့ ဘောလုံးပွဲတွေဆီ မကြာခင် ပြန်လည်ရောက်ရှိလာလိမ့်မယ်လို့ မျှော်လင့်ကြောင့် ရေးသားသွားခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly