မတ် ၂၂။ ။ တရုတ်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုသစ် ၄၆ ခု ထပ်မံတွေ့ရှိခဲ့ကြောင်း တာဝန်ရှိသူများက မတ်လ ၂၂ ရက်တွင် ထုတ်ပြန်သည်။
သို့သော် အဆိုပါ အသစ်တွေ့ရှိသူ ကူးစက်ခံလူနာများအနက် လူနာတစ်ဦးသာလျင် ပြည်တွင်း၌ ကူးစက်ခံရသည့်လူနာဖြစ်ကာ ကျန် ၄၅ ဦးစလုံးသည် နိုင်ငံခြားမှ နိုင်ငံတွင်းသို့ ဝင်လာသူများဖြစ်ကြောင်း အမျိုးသား ကျန်းမာ ရေးကော်မရှင်က ပြောသည်။
တရုတ်အာဏာပိုင်များအနေဖြင့် ပြည်တွင်း၌ နေထိုင်သူ အချင်းချင်း ကူးစက်မှု ဖြစ်စဉ်အရေအတွက်ကို ထိထိရောက်ရောက် လျှော့ချထားနိုင်ခဲ့ချိန် မတ်လ ၂၂ ရက်တွင် ပြည်တွင်းကူးစက်ခံလူနာတစ်ဦး တွေ့ရှိမှုသည်လည်း ယခု နောက်ပိုင်းလေးရက်အတွင်း ပထမဆုံးအကြိမ် ဖြစ်သည်။
တချိန်တည်းမှာပင် ပြည်ပကနေ ပြည်တွင်းသို့ ဝင်ရောက်လာသည့် ကူးစက်မှုဖြစ်စဉ် တွေ့ရှိမှုသည်လည်း တဖြည်းဖြည်းချင်း မြင့်တက်လာနေပြီး ဖြစ်စဉ်အများစုသည် နိုင်ငံရပ်ခြားကနေ ပြန်လာသည့် တရုတ်နိုင်ငံသားများ ထံတွင် ကူးစက်မှုများ တွေ့ရှိနေခြင်းဖြစ်သည်။
မတ်လ ၂၁ ရက်က တရုတ်တွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုသစ် ၄၁ ခုတွေ့ရှိခဲ့ပြီး အားလုံးသည် ပြည်ပမှ ပြည်တွင်းသို့ ဝင်ရောက်လာသည့် ကူးစက်ခံလူနာများသာ ဖြစ်ခဲ့သည်။
နောက်ဆုံး ရရှိထားသော အချက်အလက်များအရ တရုတ်တွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရသူ ၈၁,၀၅၄ ဦး ရှိပြီး သေဆုံးသူ ၃,၂၆၁ ဦး ရှိနေကြောင်း သိရသည်။