အိမ်သာသုံးစက္ကူများ ဝယ်ယူရန် အမေရိကန်ပြည်သူများ မက္ကဆီကိုနိုင်ငံထဲ ဖြတ်ကျော်ဝင်ရောက်နေ

အိမ်သာသုံးစက္ကူများ ဝယ်ယူရန် အမေရိကန်ပြည်သူများ မက္ကဆီကိုနိုင်ငံထဲ ဖြတ်ကျော်ဝင်ရောက်နေ

မတ် ၂၂။             ။ အိမ်သာသုံးစက္ကူနှင့် အခြား အိမ်ထောင်စုသုံး အသုံးအဆောင်ပစ္စည်းများ ဝယ်ယူရန် အမေရိကန်ပြည်သူများ နယ်စပ်ကို ဖြတ်ကျော်ကာ မက္ကဆီကိုနိုင်ငံထဲအထိ ဝင်ရောက်နေကြလျက် ရှိကြောင်း သိရသည်။

လက်ရှိကာလတွင် အမေရိကန်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားနေချိန် စျေးဝယ်သူများသည် လိုအပ်သည့် ပစ္စည်းများကို အလုံးအရင်း ဝယ်ယူစုဆောင်းမှုများ ရှိနေ၍ ယင်းနိုင်ငံရှိ စတိုးဆိုင်များသည်လည်း ဝယ်လိုအားမြင့်တက်နေမှုကို အလျင်မီအောင် ဖြည့်ဆည်းနိုင်ရေး ရုန်းကန်နေရသည်။

ကယ်လီဖိုးနီးယားဒေသခံများသည် အိမ်သာသုံးစက္ကူ၊ ရေနှင့် အခြား အသုံးအဆောင်များကို ဝယ်ယူရန်အလို့ငှာ Northern Baja တွင်းသို့ စုပြုံဝင်ရောက်ခဲ့ကြသည်ဟု ပြည်တွင်း သတင်းဌာနတစ်ခုဖြစ်သည့် WKBN 27 News က ဖော်ပြသည်။

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားမှု ဆိုးရွားလာလျင် လိုအပ်သည့် ပစ္စည်းများ ဝယ်ယူ၍ မရတော့မည်ကို ပူပန်ထိတ်လန့်နေကြသော စျေးဝယ်သူများကြောင့် ကမ္ဘာတဝန်း စတိုးဆိုင်များတွင်လည်း အိမ်သာသုံးစက္ကူ၊ဆပ်ပြာနှင့် အခြား သန့်ရှင်းရေးပစ္စည်းတွေ ထားရာ စင်များပေါ်တွင် ဗလာနတ္တိ ရှင်းလင်းနေမှုများ ဖြစ်ပေါ်နေခဲ့သည်။

ပြီးခဲ့သည့် ရက်များအတွင်း မနက် ၁၀ နာရီမတိုင်မီမှာပင် စျေးဝယ်သူ ၆၀၀ ကျော် ဆိုင်ကို ရောက်လာခဲ့သည်ဟု ယုံကြည်ကြောင်း Tijuana ရှိ Costco ဆိုင်ဝန်ထမ်းများက WKBN 27 ကို ပြောသွားခဲ့သည်။

တချိန်တည်းမှာပင် ကယ်လီဖိုးနီးယားရှိ Costco စတိုးတစ်ခုတွင် အလုပ်လုပ်ကိုင်သော Maria Castro အမည်ရ စျေးဝယ်သူတစ်ဦးကလည်း ၎င်း အလုပ်လုပ်သည့်နေရာတွင် လိုအပ်သည့်ပစ္စည်းများ မရနိုင်တော့သဖြင့် Los Angeles ကနေ Tijuana မြို့ရှိ စတိုးဆိုင်သို့ သွားရောက်ဝယ်ယူခဲ့ရကြောင်း ပြည်တွင်းသတင်းဌာနတစ်ခုသို့ ပြောသွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly