ကိုရိုနာဗိုင်းရပ်စ်ကြောင့် နယ်သာလန်မှာ သန်းပေါင်းများစွာသော ပန်းတွေကို နေ့စဉ် ဖျက်ဆီးပစ်နေရ

ကိုရိုနာဗိုင်းရပ်စ်ကြောင့် နယ်သာလန်မှာ သန်းပေါင်းများစွာသော ပန်းတွေကို နေ့စဉ် ဖျက်ဆီးပစ်နေရ

မတ် ၂၂
ယခုအချိန်ကာလကတော့ နယ်သာလန်နိုင်ငံမှာ ကျူးလစ်ပန်းရာသီ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီနှစ်မှာတော့ ကံမကောင်းစွာနဲ့ပဲ ယင်းနိုင်ငံက ပန်းစိုက်ပျိုးသူတွေဟာ နေ့စဉ် သန်းပေါင်းများစွာသော ပန်းတွေကို ဖျက်ဆီးပစ်နေကြရလျက် ရှိပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားမှုကြောင့် ပန်းဝယ်လိုအားကို ထိုးကျသွားစေခဲ့လို့ ယင်းနိုင်ငံမှာ ခုလို မကြုံစဖူး အခြေအနေမျိုး ဖြစ်ပေါ်နေတာ ဖြစ်ပါတယ်။

အဆိုပါ ကမ္ဘာ့အကြီးဆုံး ပန်းစျေးကွက်ဖြစ်တဲ့ နယ်သာလန်နိုင်ငံမှာတော့ ဖျက်ဆီးပစ်ဖို့ လျာထားခံခဲ့ရတဲ့ ကျူးလစ်၊ နှင်းဆီ၊ ဂန္ဓမာနဲ့ အခြား ပန်းတွေ တောင်ပုံရာပုံရှိနေခဲ့ပါတယ်။

ယခင်နှစ်တွေတုန်းကတော့ ပုံမှန်အားဖြင့် ဒီလို အရောင်တောက်တောက် ရောင်စုံ ပန်းပွင့်တွေဟာ ရိုမန်တစ် အမှတ်သင်္ကေတအဖြစ် ဒါမှမဟုတ် မိခင်များနေ့အထိမ်းအမှတ်အဖြစ် ရောင်းကုန်သွားမှာ ဖြစ်ပေမယ့် ယခုနှစ်မှာတော့ တွင်းတူးစက်တွေက ပန်းတွေကို ယက်ထုတ်ပြီး အမှိုက်ကန်တွေထဲ စွန့်ပစ်နေရလျက် ရှိပါတယ်။

“ခုချိန်မှာ ကျွန်တော်တို့အတွက် ရွေးချယ်စရာ လမ်းက တစ်လမ်းပဲ ရှိပါတော့တယ်၊ ဒါကတော့ ဒီပန်းတွေကို ဖျက်ဆီးပစ်ဖို့ပါပဲ၊ ခုလို လုပ်ရတာလည်း ဒါ ပထမဆုံးပါ၊ နယ်သာလန် ပန်းလေလံပွဲဆိုရင် ပြီးခဲ့တဲ့ နှစ်တစ်ရာကျော်ကတည်းက ရှိခဲ့တာပါ၊ ဒါမျိုးအကျပ်အတည်းနဲ့ ကြုံရတာ ဒါ ပထမဆုံးပါ” ဟု ပန်း လေလံကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့ Royal FloraHolland ရဲ့ ပြောရေးဆိုခွင့်ရှိသူ Michel van Schie က ပြောသွားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly