YBS ယာဉ်လိုင်းများတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုကိုကာကွယ်ရန် ကားသန့်ရှင်းရေးကိုအဓိကထားလုပ်ဆောင်နေဟုဆို

YBS ယာဉ်လိုင်းများတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုကိုကာကွယ်ရန် ကားသန့်ရှင်းရေးကိုအဓိကထားလုပ်ဆောင်နေဟုဆို

မတ် ၂၁၊ ရန်ကုန်။                ။ YBS ယာဉ်လိုင်းများတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကိုကာကွယ်ရန် ယာဉ်များ၏ အတွင်းပိုင်းသန့်ရှင်းရေးကို အဓိကထားဆောင်ရွက်နေကြောင်း ရန်ကုန်တိုင်းဒေသကြီးသယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့၏ တွဲဖက်အတွင်းရေးမှူး ဦးလှအောင်ကပြောသည်။
 
ယာဉ်လိုင်းအချို့မှ YBS ဘတ်စ်ကားများ ဂိတ်ရင်းမှ အဝင်၊အထွက် ပြုလုပ်တဲ့သည့်အခါ ကားပေါ်ရှိ လူထိတွေ့မှုများသော နေရာများကို အရက်ပြန်၊ ပိုးသတ်ဆေးများဖြင့် သန့်ရှင်းရေး ပြုလုပ်နေသည်ဟု သိရသည်။
 
“ကားတွေရဲ့ သန်ရှင်းရေး၊ ပြည်သူလူထုတွေ အသုံးပြုတဲ့ လက်ကိုင်တန်းတွေ၊ ခုံတွေ၊ နောက်မှီတွေမှာသန့်ရှင်းရေးတွေ လုပ်ပေးနေတယ်၊ သန့်ရှင်းရေးလုပ်တဲ့အခါ တချို့ယာဉ်လိုင်းဆိုရင် ရိုးရိုးသန့်ရှင်းရေးလုပ်ပေမယ့် Dettol တို့လိုပိုးသတ်ဆေးတွေ အသုံးပြုပြီးသန့်ရှင်းရေးလုပ်ပေးနေပါတယ်”ဟု တွဲဖက်အတွင်းရေးမှူး ဦးလှအောင်က ပြောသည်။
 
ညွှန်ကြားချက်အတိုင်း ကားများကို သန့်ရှင်းရေး ပြုလုပ်ရာတွင် ပိုးသတ်ဆေး၊ အရက်ပြန်များကို အလွယ်တကူဝယ်ယူလို့မရနိုင်သည့်အခြေအနေကြောင့် ယာဉ်လိုင်းများတွင်လည်း အခက်အခဲတချို့ ရှိနေသည်။

လူထုမိတ်ဆွေ အကျိုးပြုကုမ္ပဏီမှ YBS 94 ယာဉ်လိုင်းမန်နေဂျာကိုနေပြည်ထွန်းက “Dettol က ဝယ်ဖို့ခက်တယ် ၃ရက် ကြိုပြီးတော့ ဝယ်ရတာ ရှိတယ် ဈေးကွက်မှာ ပစ္စည်း ပြတ်လပ်မှုရှိတယ် အဲ့တာကြောင့် ကြိုဝယ်ရတယ် Dettol မရှိတဲ့ အချိန်လည်း အရက်ပြန်သုံးရတယ်၊ ကြိုတင်ပြင်ဆင်တဲ့အတွက် မခက်ခဲဘူး၊ ဒါပေမယ့် ကြိုပြင်ရတော့ နည်းနည်း လိုက်ချိတ်ရတယ် ဆေးဆိုင်တွေမှာ လိုက်မေးရတယ် မရှိသေးရင်လည်း ရှိနိုင်တဲ့ဆိုင်တွေကို မေးရတယ် ဖြစ်နိုင်ရင် Dettol ကော Mask ကော အရက်ပြန်ပါ ဝယ်ချင်တဲ့သူတွေ ဝယ်နိုင်တဲ့အနေအထားလေး ဖြစ်အောင် ပံ့ပိုးပေးနိုင်ရင် အကောင်းဆုံးဖြစ်မှာပါ”ဟု ပြောသည်။
 
ရန်ကုန်မြို့တွင် လက်ရှိပြေးဆွဲနေသော ယာဉ်လိုင်း (၁၀၀)ကျော် ရှိနေပြီး နေ့စဉ်သွားလာရေးအတွက် YBS ဘတ်စ်ကားလမ်းကြောင်းများကိုသာ ပြည်သူအများက အဓိကအားထားနေရသည်။ ထို့ကြောင့် လူအများ တိုးကြိတ် စီးနင်းနေရသော YBS ကားများပေါ်က တဆင့် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မည်ကို စီးနင်းသူတွေအကြား စိုးရိမ်မှု မြင့်တက်လျှက်ရှိသည်။
 
YBS ယာဉ်လိုင်းများတွင် လူစုလူဝေးမဖြစ်စေရေးအတွက် ခရီးသည် လျော့ချ ပြေးဆွဲဖို့ ရှိ၊ မရှိYRTA ကိုမေးမြန်းရာတွင် လူများစုပုံမှုမရှိစေရန် ဂိတ်ရင်းများကနေ ပုံမှန်အတိုင်းထွက်ခွာရန်၊ အချိန်ကိုက် ထွက်ခွာခြင်းမ ပြုလုပ် ရန် ညွှန်ကြားထားကြောင်း တွဲဖက်အတွင်းရေးမှူး ဦးလှအောင်က ပြောသည်။
 
“ခရီးသည် စီးနင်းမှု ကျလာတာတွေ ရှိတယ်၊ ကျလာတဲ့အတွက် ယာဉ်အင်အားကိုလည်း ပြေးနိုင်တဲ့ နှုန်းအတိုင်း ပြေးပါ အကယ်၍ ခရီးသည်စီးနင်းမှု ကျသွားရင် အလိုလိုချောင်သွားမယ် ခရီးသည်လျှော့ဆွဲဖို့တော့ အစီအစဉ်မရှိသေးပါဘူး”ဟု ၎င်းက ဆိုသည်။
 
မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် သံသယလူနာမတွေ့ရှိရသေးသော်လည်း ယာဉ်လိုင်းများ၊ လူထူထပ်သောနေရာများတွင် ကိုရိုနာဗိုင်းရပ်စ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် ဆောင်ရန်၊ ရှောင်ရန် အသိပညာပေးခြင်းများ၊ အများသုံးပစ္စည်းများနှင့် ထိတွေ့ပြီးတိုင်း လက်ကိုစနစ်တကျ ဆေးကြောရန် အသိပညာပေးခြင်းများကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်လျှက်ရှိသည်။
 

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly