မူဆယ်နယ်စပ်ဂိတ်(ဆင်ဖြူဂိတ်)တွင် ကျန်းမာရေးဖောင်၌ တရုတ်ဘာသာဖြင့် ဖြည့်ခိုင်းမှုကြောင့် အချင်းဖြစ်ပွားခဲ့

မူဆယ်နယ်စပ်ဂိတ်(ဆင်ဖြူဂိတ်)တွင် ကျန်းမာရေးဖောင်၌ တရုတ်ဘာသာဖြင့် ဖြည့်ခိုင်းမှုကြောင့် အချင်းဖြစ်ပွားခဲ့

မတ်လ ၂၁။                ။ ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်ခရိုင်၊ မူဆယ်နယ်စပ်ဂိတ်၊(ဆင်ဖြူဂိတ်)တွင် ကျန်းမာရေးဖောင်များကို တရုတ်ဘာသာဖြင့်ဖြည့်ခိုင်းသည့်အတွက် ဖောင်ဖြည့်ခိုင်းသူများနှင့် မြန်မာအချို့ ကြားအချင်း များမှုဖြစ်ပွား ခဲ့ကြောင်း မူဆယ်မြို့တွင်နေထိုင်သည့် ဦးအောင်သက်ဦးက ဆိုသည်။

“မနက်က အဝင်အထွက်ကိစ္စနဲ့ပတ်သက်ပြီး ကျန်းမာရေးဖောင်ဖြည့်ရမယ့်ဟာကို တရုတ်လိုပဲဖြည့်ရမယ်ဆိုပြီး အဲဒီလိုအနေအထားနဲ့ ပဋိပက္ခနည်းနည်းလေးဖြစ်တာပါ။ အဲဒီအနေအထားမှာ စကားနည်းနည်းများတာကနေ ကျယ်ပြန့်သွားတာပေါ့။ အခုဖြစ်တာက လူဝင်လူထွက်ပေါက် ကုန်သွယ်ရေးပေါက်တော့မဟုတ်ဘူး။ ဆင်ဖြူ ပေါက်မှာဖြစ်တာပေါ့။” ဟု ဦးအောင်သက်ဦးက ဆိုသည်။

ယနေ့(မတ် ၂၁ရက်)နံနက်ပိုင်းက မူဆယ်နယ်စပ်ဂိတ်၊(ဆင်ဖြူဂိတ်)တွင် မနက် ၆နာရီမှ ၈နာရီအထိ တရုတ်နိုင်ငံဘက်သို့ သွားရောက်လုပ်ကိုင်မည့် မြန်မာနိုင်ငံသားများကို တရုတ်နိုင်ငံဘက်မှကျန်းမာရေး ဖောင်ဖြည့်ခိုင်း ရာတွင် တရုတ်ဘာသာဖြင့်ဖြည့်စွက် ခိုင်းခြင်းကြောင့် အချင်းများမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ထိုသို့အချင်းများမှုကြောင့် မြန်မာနိုင်ငံဘက်မှ ဒေသခံအချို့ကလည်း တရုတ်နိုင်ငံမှ မြန်မာနိုင်ငံဘက်သို့ဝင် ရောက်မည့်သူများကို ဝင်၊ထွက်ခွင့်လက်ခံခြင်းမပြုဘဲ ပိတ်ပင်ထားခဲ့ကြောင်းသိရသည်။

“မနက်ပိုင်းကတော့ ပုံမှန်အသွားအလာပြုလုပ်သူတွေနဲ့ အနည်းအကျဉ်းတော့ပြသနာဖြစ်တယ်။ အပြောအဆို လေးတွေ နည်းနည်းလေး တရုတ်-မြန်မာ ပြည်သူလူထုနဲ့ နည်းနည်းလေးဖြစ်တာပေါ့။ လောလောဆယ်တော့ ပုံ မှန်ဖြစ်သွားပါပြီ။ ရုန်းရင်းဆန်ခတ်နည်းနည်းလေးဖြစ်တော့ နှစ်ဖက်စလုံးအဝင်မခံတဲ့ အနေအထားလေး ဖြစ်သွားတာပေါ့။” ဟု ဦးအောင်သက်ဦးက ပြောသည်။

တရုတ်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် COVID - 19 ကပ်ရောဂါ ဖြစ်ပွားမှုကြောင့် ကျန်းမာရေးဖောင်ကို ဖြည့်ခိုင်းရာ ယခင်က မြန်မာဘာသာဖြင့်ဖြည့်ခိုင်းသော်လည်း ယခု တရုတ်ဘာသာဖြင့်ဖြည့်ခိုင်းခြင်းကြောင့် ပြဿနာဖြစ် ပွားရခြင်းဖြစ်သည်။

ထိုသို့ နှစ်ဘက်အချင်းပွားနေမှုကြောင့် နှစ်နိုင်ငံအဝင်အထွက်ကို ခေတ္တရပ်ဆိုင်းခဲ့ပြီး  သက်ဆိုင်ရာအဖွဲ့ အစည်းအချင်းချင်း နှစ်နာရီနီးပါးဆွေးနွေးပြီးနောက်ပြေလည်မှုရရှိခဲ့ကြောင်း မူဆယ်ခရိုင်ရဲစခန်းမှ တာဝန်ရှိသူ တစ်ဦး က ဆိုသည်။

 “တရုတ်က ကျန်းမာရေးဖောင်ဖြည့်ခိုင်းတာက တရုတ်လိုဖြည့်ခိုင်းလို့လေ။ ဒီဘက်က တရုတ်လိုမဖြည့်နိုင်တော့ အဆင်မပြေဘူးပေါ့။ အဆင်မပြေတော့ ဒီဘက်က လုံးဝမရဘူးပြောတော့။ ပြန်ဖြေလျော့ပေးလိုက်လို့ အဆင် ပြေသွားပါတယ်။တရုတ်လိုတော့ သူတို့ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ ဝင်လို့မရရင် မဝင်ဘူး သူတို့ဒီလိုပြောတော့ မူဆယ်ခရိုင် လဝကနဲ့ သူတို့ဘက်က လဝကနဲ့ တွေ့တော့ ဒီဟာက လဝကက လုပ်တာမဟုတ်ဘူး။ တရုတ် နိုင်ငံက COVID -19 နဲ့ ပတ်သက်ပြီးဖောင်ဖြည့် ခိုင်းတာလေးတွေ။ အဲဒါကို သူတို့က အင်္ဂလိပ်လိုဖြည့်ရင် လက်ခံ ပေးမယ် ထပ်ပြောတယ်၊ ဒီဘက်ကလည်း အင်္ဂလိပ်လိုလည်းမရဘူးပြောတော့။ နောက်တော့ အရင်အတိုင်းပဲ ပြန် ဖြစ်သွားပါတယ်။ အရင်အတိုင်းခွင့်ပြုပေးလိုက်တယ်။” ဟု မူဆယ်ခရိုင်ရဲစခန်းမှ တာဝန်ရှိသူက ဆိုသည်။

လက်ရှိတွင် အချင်းများမှုအခြေအနေမှာ ပြေလည်မှုရရှိခဲ့ခြင်းကြောင့် အေးအေးချမ်းချမ်းဖြင့် ဝင်ထွက်ခွင့်ရပြီ ဖြစ်ကြောင်းသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly