ဂေါ်ဇီလာအယ်လီနီညို

ဂေါ်ဇီလာအယ်လီနီညို

ရာစုနှစ်ရဲ့ အပြင်းထန်ဆုံးသော အယ်လ်နီညိုဖြစ်စဉ်ဟာ ပစိဖိတ်သမုဒ္ဒရာအတွင်းတွင် အရှိန်ယူ အစပျိုးနေ ဖြစ်ပါတယ်။ သေဆုံးသူပေါင်း ၂၁၀၀ ကျော်နဲ့ အထွေထွေအရပ်ရပ် ပျက်စီးမှုတန်ဖိုး အမေရိကန်ဒေါ်လာ ၃၃ ဘီလီယံကျော်တဲ့အထိ ထိခိုက်ပျက်စီး သေဆုံးမှု မြင့်မားခဲ့သော ၁၉၉၇-၉၈ အယ်လ်နီညို ဖြစ်ပွားခဲ့ပြီးနောက်၊ ယခု ၂၀၁၅ ခုနှစ်တွင် ဖြစ်ပေါ်လာမည့် ဂေါ်ဇီလာ အယ်လ်နီညို (Godzilla El Nino) ကို လူအများက စိုးရိမ်ပူပန်လျက်ရှိနေကြပါတယ်။

ရေသတ္တဝါအများနဲ့အပင်များအပေါ်ထိခိုက်မှုတွေ

အယ်လ်နီညိုဖြစ်စဉ်များဟာ အမေရိကန်ကမ်းရိုးတန်းတလျှောက်ရှိ ရေအေးစီးကြောင်းများကို ရေအောက်အတော်နက်တဲ့အထိ နိမ့်ဆင်းကျသွားစေပါတယ်။ တကယ်တော့ ရေအေးစီးကြောင်းများထဲမှာ အာဟာရဓာတ်ပစ္စည်းများဖြစ်ကြတဲ့ plankton နဲ့ ငါးမျိုးစေ့များအတွက် အထောက်အကူ ပစ္စည်းများ ဖြစ်ကြပါတယ်။ များစွာပါဝင်နေပါတယ်။ ဒါတွေဟာ သစ်တောတွေ၊ နို့တိုက်ငါးသတ္တဝါတွေ (ဥပမာ- ရိုးရိုးဖျံနဲ့ ပင်လယ်ဖျံကြီးများ)များအတွက် အထောက်အကူပစ္စည်းများ ဖြစ်ကြပါတယ်။ ပစိဖိတ်သမုဒ္ဒရာအတွင်း အရှေ့မြောက်နဲ့ အရှေ့တောင်ကုန်သည်လေများ အားလျော့ကျလာသည်နဲ့ သမုဒ္ဒရာအတွင်း ရေနွေးရေပြင်များ ကျယ်ပြန့်လာလျက်ရှိနေပါတယ်။ ကာလီဖိုးနီးယားကမ်းခြေတလျှောက်တွင် ငါးတွေဟာ ရေအေးကို ရှာဖွေတဲ့အနေနဲ့ မိမိတို့ ကျက်စားရာ မူလရေပြင်များမှ အပြင်ဖက်ကို ပြောင်းရွှေ့သွားကြပြီဖြစ်ပါတယ်။ အကျိုးဆက်အနေနဲ့ ပင်လယ်ဖျံကြီးများဟာ ငါးသတ္တဝါများကို စားသောက်လေ့ရှိကြတဲ့ ပင်လယ်ဖျံကြီးများဟာ အစာအဟာရအတွက် မိမိတို့ သားပေါက်ငယ်များကို ထားရစ်ကာ အစာရှာထွက်ကုန်ကြသဖြင့် ပင်လယ်ဖျံ သားပေါက်လေးများဟာ အစာရေစာပြတ်လပ်မှုနဲ့ ကြုံတွေ့နေကြရပါတယ်။ ပြီးခဲ့တဲ့ သြဂုတ်လအတွင်းကပင် Sausalito မြို့တွင် အခြေစိုက်တဲ့ The Marine Mammal Centre က ပင်လယ်ဖျံသားပေါက် ၁၂၀၀ ကို ကယ်ဆယ်ပေးခဲ့ရပါတယ်။

ကာလီဖိုးနီးယားမိုးခေါင်မှုအတွက်မိုးရနိုင်ပါတယ်။ သို့သော်….

ပိုမိုပူနွေးတဲ့ ပင်လယ်ရေများကြောင့် အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားကမ်းခြေ တလျှောက်တွင် မုန်တိုင်းများ ပိုမိုဖြစ်လာနိုင်သဖြင့် မိုးခေါင်မှုဒဏ် ခံစားနေရသော ကယ်လီဖိုးနီးယား ပြည်နယ်အတွက် မုန်တိုင်းမိုးများ ရရှိနိုင်မည်ဖြစ်သဖြင့် ဝမ်းသာဖွယ်ရာ ဖြစ်သော်လည်း၊ အယ်လ်နီညိုနှစ်တွင် ဖြစ်သောမုန်တိုင်းများမှာ အားအလွန် ပြင်းထန်တတ်သဖြင့် မုန်တိုင်းဒဏ်ခံကြရမည့်အရေးကလည်း ရတက်မအေးစရာ ဖြစ်နေပါတယ်။ မျိုးတုံးတော့မယ့်အန္တရာယ်နဲ့ ကြုံတွေကနေရတဲ့ရေသတ္တဝါတွေ ၁၉၈၂-၈၃ အယ်လ်နီညိုဖြစ်စဉ်ဖြစ်ခဲ့စဉ်က Galapagos ကျွန်းတွင် ပင်လယ်ရေများ မြင့်တက်လာမှုကြောင့် အစိမ်းရောင်နဲ့ အနီရောင်ရှိကြတဲ့ ပင်လယ်ရေမှော်တွေဟာ ပင်လယ်ရေ တိုက်စားမှုကြောင့် လွှင့်မျောပျက်စီးသွားခဲ့တယ်။ ဒီရေမှော်တွေဟာ ပင်လယ်ဖွတ်ကြီးများရဲ့ အာဟာရဖြစ်တဲ့အတွက် ပင်လယ်ဖွတ်ကြီးများဟာလည်း အစာအာဟာရပြတ်လပ်ကာ သေဆုံးကုန်ကြတဲ့အတွက် ပင်လယ်ဖွတ်ကြီးများ အရေအတွက်ဟာ များစွာ လျော့ကျသွားခဲ့ရပါတယ်။ အယ်လ်နီညိုဖြစ်စဉ်တခုဟာ ပျက်စီးဆုံးရှုံးမှုခံရလွယ်သော မျိုးစေ့မျိုးကွဲများကို လုံး၀ ကွယ်ပျောက်သွားတဲ့အထိ ထိခိုက်စေနိုင်ပါတယ်။

အယ်လ်နီညိုဖြစ်စဉ်နဲ့ ရာသီဥတုပြောင်းလဲခြင်း၊ ရာသီဥတုပြောင်းလဲမှုဟာ အယ်လ်နီညိုဖြစ်စဉ်များကို ပို၍ အကြိမ်များစွာဖြစ်စေရုံမက၊ အင်အားလည်း ပို၍ ပြင်းထန်လာစေတတ်သဖြင့် ဂေဟစနစ်များ၊ အပင်များ၊ သတ္တဝါများအနေဖြင့် ပြန်လည်ပျိုးထောင်ရန် အချိန်လုံလုံလောက်မရနိုင်ခြင်းဟာ ပြဿနာတရပ် ဖြစ်နေစေပါတယ်။ လေ့လာမှုများအရ အယ်လ်နီညိုဖြစ်စဉ်များဟာ ပို၍ပို၍ ပြင်းထန်လာနေသဖြင့် ရာသီဥတု ပြောင်းလဲမှုကို ထိန်းချုပ်ရေးလုပ်ငန်းများ အထူးသဖြင့် ဓာတ်ငွေ့ထုတ်လွှတ်မှု လျော့ချရေးလုပ်ငန်း များကို အပူတပြင်း ဆောင်ရွက်ရန်အထူး လိုအပ်နေပြီ ဖြစ်ပါတယ်။

အယ်လ်နီညိုဟာ ရာသီဥတုပြောင်းလဲမှုရဲ့ဖြစ်စဉ်တခုလား။ အရေးကြီးသောအချက်တခုမှာ အယ်လ်နီညိုဟာ ရာသီဥတုပြောင်းလဲမှုကြောင့် ဖြစ်ပေါ်လာသော ဖြစ်စဉ်တရပ်မဟုတ်ပါ။ အယ်လ်နီညိုဟာ သဘာဝအတွင်း ၇ နှစ်မှ ၁၀ နှစ်အတွင်း ဖြစ်ပေါ်လေ့ရှိတဲ့ သဘာဝပတ်လည်ဖြစ်စဉ်တရပ်သာ ဖြစ်ပါတယ်။ အမှန်အတိုင်းပြောရပါက အယ်လ်နီညိုဖြစ်စဉ်ကို လူသားများက ၁၅ ရာစုနှစ်ကတည်း က တွေ့ရှိ မှတ်သားထားခဲ့တာ ဖြစ်ပြီး ရာသီဥတုပြောင်းလဲခြင်းကတော့ ၁၉၈၀ ခုနှစ်ခန့်ကမှ စတင်ဖြစ်ပေါ်လာတာ ဖြစ်ပါတယ်။ တကယ်တော့ အယ်လ်နီညိုဟာ ကမ္ဘာ့ဂေဟစနစ်ကို မပျက်စီးစေတဲ့အပြင် အားပေးမှုပင်ပြုနေ တယ်လို့ ဆိုနိုင်ပါတယ်။ ဒါပေမယ့် အခက်အခဲတခုကတော့ ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုကြောင့် အယ်လ်နီညို ဖြစ်စဉ်များဟာ ၂ နှစ် မှ ၃ နှစ် တခါဆိုသလို အဖြစ်များလာတဲ့အပြင်၊ ပိုပြီးလည်းပြင်းထန်လာကြခြင်းပဲဖြစ်ပါတယ်။

၁၉၉၇-၉၈ အယ်လ်နီညိုကြောင့် ထိခိုက်ပျက်စီးမှုတွေ လက်ရှိအချိန်ကာလအထိ ၁၉၉၇-၉၈ ခုနှစ်က ဖြစ်ပေါ်ခဲ့သော အယ်လ်နီညိုဟာ အားအကောင်းဆုံး ဖြစ်ပါတယ်။ အဲဒီတုန်းက အယ်လ်နီညိုရဲ့ထိခိုက်မှုကြောင့် အထွေထွေအရပ်ရပ်ပျက်စီး ဆုံးရှုံးမှုတန်ဖိုး အမေရိကန်ဒေါ်လာ ၃၄ ဘီလီယံ၊ သေဆုံးသူပေါင်း ၂၄၀၀၀၊ ဒဏ်ရာရရှိသူပေါင်း ၅၃၃ ၀၀၀)၊ ရွှေ့ပြောင်းသူပေါင်း ၆ သန်း၊ ထိခိုက်သူပေါင်း ၁၁၁ သန်း၊ ထိခိုက်သော မြေဧကပေါင်း ၅၆ သန်း ဖြစ်ပါတယ်။ မြန်မာနိုင်ငံအနေဖြင့် ၁၉၉၇-၉၈ ခုနှစ် အယ်လ်နီညိုကြောင့် မြို့ကြီး ၁၈  မြို့တို့တွင် အပူချိန်အမြင့်ဆုံးစံချိန်သစ်များ တင်ခဲ့တယ်။ မြို့ကြီး ၁၅ မြို့တို့တွင် မိုးရေချိန် အနည်းဆုံးစံချိန် သစ်များ တင်ခဲ့ပါတယ်။ ထို့အပြင် စခန်းပေါင်းမြောက်များစွာတို့တွင် ဒုတိယအမြင့်ဆုံးအပူချိန် စံချိန်သစ်များနဲ့ ဒုတိယအနည်းမိုးရေချိန်စံချိန်သစ်များ တင်ခဲ့ကြပါတယ်။ ငွေကျပ်ဘီလီယံပေါင်း များစွာ ထိခိုက်ဆုံးရှုံးခဲ့ရပါတယ်။

အယ်လ်နီညိုနဲ့ မုတ်သုံရာသီ မုတ်သုံရာသီဥတုမှာလည်း ထိခိုက်ခဲ့ရပါတယ်။ ၁၉၉၇-၉၈ အယ်လ်နီညို ရာသီကာလဟာ ၁၂ လခန့် ကြာမြင့်ခဲ့ပြီး၊ ၁၉၉၇-ဇွန်လမှ ၁၉၉၈ မေလအထိ ကြာမြင့်ခဲ့ပါတယ်။ မုတ်သုံရာသီ ဥတုအနေနဲ့ (၁) ၁၉၉၇ နဲ့ ၁၉၉၈ (၂) နှစ်လုံး အပူချိန်တွေဟာ ဖြစ်မြဲထက်ပိုခဲ့တယ်။ (၂) ၁၉၉၇နဲ့ ၁၉၉၈ (၂)နှစ်လုံး မိုးရေချိန်တွေဟာ ရွာသွန်းမြဲအောက်လျော့ခဲ့တယ်။ (၃) ၁၉၉၇ နဲ့ ၁၉၉၈ (၂)နှစ်လုံး မိုးခေါင်မှု ဒဏ်ခံခဲ့ရတယ်။ (၄) ၁၉၉၇ ခုနှစ်တွင် မုန်တိုင်းဖြစ်ပေါ်မှုသိသိသာသာလျော့နည်းခဲ့တယ်။ (၅) ၁၉၉၇ နဲ့ ၁၉၉၈ (၂)နှစ်လုံး မုတ်သုံအဝင်နောက်ကျခဲ့ပါတယ်။ (၆) ၁၉၉၇ နဲ့ ၁၉၉၈ (၂)နှစ်လုံး မုတ်သုံအထွက်စောခဲ့ပါတယ်။ (၇) ၁၉၉၇ နဲ့ ၁၉၉၈ (၂)နှစ်လုံး မိုးရာသီ တိုတောင်းခဲ့ပါတယ်။ အယ်လ်နီညိုဟာ မြန်မာနိုင်ငံအတွက် အလွန်အရေးကြီးတယ်။

မြန်မာနိုင်ငံဟာ ဒီနှစ်မှာ ဆိုးဝါးတဲ့ ရေကြီးမှုဒဏ်ကို ခံထားရတယ်။ ရေကြီးတဲ့နေရာမှာလည်း အစဉ်အလာ မဟုတ်တဲ့ နောက်ကျိရေတွေ၊ ရွှံ့နွံ နဲ့ အမှိုက်တွေ ရောနှောပါနေတဲ့ မသန့်တဲ့ရေတွေ ဖုံးလွှမ်းခံခဲ့ရတယ်။ ဒါ့အပြင် ရေပြန်ကျသွားတော့လည်း နုံးတွေ၊ သဲတွေ၊ အမှိုက်တွေဟာ လူခါးတစောင်းကနေ တရပ်ခန့်အထိ တင်ကျန်ရစ်ခဲ့တယ်။ ဒီတော့ သုံးရေ၊ သောက်ရေ ရေသယံဇာတတွေ ပျက်စီးခဲ့ရတယ်။ စိုက်ပျိုးပင်တွေ ပျက်စီးခဲ့ရလို့ အချိန်မီပြန်စိုက်ဖို့ ကြိုးပမ်းနေကြရတယ်။ ဒီတော့ ရေလိုအပ်မှု (Demand)ဟာ အမြင့်ဆုံး ဖြစ်နေတယ်။ ဒါပေမယ့် မြန်မာနိုင်ငံမှာ နှစ်စဉ် ရေရှားပါးမှုကြုံတွေ့နေရတာ ဆယ်စုနှစ်တမျှကြာခဲ့ပြီ။ လက်ရှိ ၂၀၁၅ ခုနှစ်မှာ မုတ်သုံကလည်း ဆုတ်ခွာခဲ့ပြီ။ နိုဝင်ဘာလကုန်အထိကြာမယ့် မိုးလွန်ကာလမှာလည်း မိုးရနိုင်မှုဟာ ရွာသွန်းမြဲအောက်လျော့မယ်လို့ခန့်မှန်းထားခဲ့ပြီးပြီ။ ဒီဇင်ဘာလ ၁ ရက်မှ ဖေဖော်ဝါရီလကုန် အထိ ကြာမယ့် အေးပြီးခြောက်သွေ့ကာလ၊ မတ်လ ၁ ရက်မှ ဧပြီလကုန်အထိ ကြာမယ့် ပူပြီးခြောက်သွေ့ကာလတွေ ကြောင့် ခြောက်သွေ့ကာလဟာ ၅ လခန့် ကြာဦးမှာ ဖြစ်ပါတယ်။

ရာသီဥတုပြောင်းလဲမှုကြောင့် မိုးနည်းနေပြီး အပူချိန်မြင့်တက်မှုကြုံတွေ့နေရတဲ့ လက်ရှိကမ္ဘာဟာ အယ်လ်နီညိုဖြစ်စဉ်ကြောင့် ပို၍ ပူပြီးခြောက်သွေ့တဲ့ရာသီဥတုကို ကြုံတွေ့ကြရဦးမယ်ဆိုရင်ဖြင့် မိုးနည်းမှုဒုက္ခ၊ ရေရှားပါးမှုဒုက္ခ၊ အပူချိန်မြင့်တက်မှုဒုက္ခတွေဟာ ၂၀၁၅ လက်ရှိအချိန်မှစတင်ပြီး ၂၀၁၆ မိုးဦးရာသီအထိ ရင်ဆိုင်ကြုံတွေ့ကြရမယ့် အယ်လ်နီညိုစိန်ခေါ်သံများ ဖြစ်နေပါတယ် ဆိုတာကို ကြိုတင် အသိပေးလိုက်ရကြောင်းပါ။

မောင်ထွန်းလွင်(မိုးလေဝသ)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly