၁၉၂၉ ကမ္ဘာ့စီးပွားပျက်ကပ်ကြီး နောက်ပိုင်း အဆိုးဆုံး ဘဏ္ဍာရေးအကျပ်အတည်းနှင့် ရင်ဆိုင်နေရဟု ဆို

၁၉၂၉ ကမ္ဘာ့စီးပွားပျက်ကပ်ကြီး နောက်ပိုင်း အဆိုးဆုံး ဘဏ္ဍာရေးအကျပ်အတည်းနှင့် ရင်ဆိုင်နေရဟု ဆို

မတ်လ ၂၁။        ။ ထိပ်တန်းစီးပွားရေးပညာရှင်များက ၎င်းတို့၏ စီးပွားရေး ခန့်မှန်းချက်များအား ဖြစ်လတ္တံသော ကမ္ဘာလုံးဆိုင်ရာ စီးပွားရေး ပျက်ကပ်ကို ညွှန်ပြနိုင်ရန် အဆင့်လျှော့ချလာချိန်တွင် ဝါရင့်ပညာရှင်တစ်ဦးက ဘဏ္ဍာရေးဈေးကွက်သည် ၁၉၂၉ နောက်ပိုင်း အဆိုးဝါးဆုံး အကျပ်အတည်းကို ရင်ဆိုင်နေရကြောင်း CNBC သတင်းဌာနသို့ သောကြာနေ့က ပြောသည်။

ဥရောပ၊ အမေရိကန်နှင့် အာရှတစ်ခွင်က ရှယ်ယာဈေးကွက်များသည် သောကြာနေ့က အတက်ဘက်ပြန်ပြခဲ့သော်လည်း ရှယ်ယာဈေးများက ပေါက်ဈေးထက်ပိုပေးဝယ်နေခြင်း (Overbought) ကြောင့် ကိုရိုနာဗိုင်းရပ်စ်၏  အကျပ်အတည်းသည် မကြုံစဖူး ထူးကဲသည့် အခြေအနေမျိုး၌ ရှိနေသည်ဟု ဝါရင့်ပညာရှင် စတီဗင်အိုက်ဆက်က ဆိုသည်။
 
“ ဈေးတွေပိုပေးပြီး အဝယ်တွေလိုက်အောင်တွန်းထုတ်တဲ့ ဈေးကွက်အဟုန်နဲ့ ဖုံးကွယ်နေတဲ့ပြဿနာတွေရှိနေတော့ ရှယ်ယာတွေထုတ်ရောင်းတာရပ်သွားတာ ယာယီပဲလို့ ကျွန်တော်တော့ အရမ်းကို စိုးရိမ်မိတယ်။ ကျွန်တော်တို့ အလွန့်အလွန်ကို ခက်ခဲတဲ့အခြေအ နေကို သွားလိမ့်ဦးမယ့် အနေအထားပဲ "  ဟု Alvine Capital Management မှ ရင်းနှီးမြုပ်နှံမှုကော်မတီ ဥက္ကဌဖြစ်သူ အိုက်ဆက်က CNBC ရုပ်သံ၏ Squawk Box Europe အစီအစဉ်တွင် ပြောသည်။
 
S&P 500 ရှယ်ယာဈေးကွက်သည် ၃၀ ရာခိုင်နှုန်းဝန်းကျင်ထိုးတက်သွားရာ ဖေဖော်ဝါရီ ၁၉ ရက်နောက်ပိုင်း အမြင့်ဆုံးသို့ ရောက်ရှိသွားခဲ့ခြင်းဖြစ်သည်။ သို့သော် ဈေးကွက် အနိမ့်ဈေးဖြင့် အရောင်းအဝယ်ဖြစ်နေပြီး ဈေးပြန်တက်နိုင်သော အခြေအနေ (Oversold) မတိုင်မီ ယင်းဈေးကွက်တွင် ရှယ်ယာဈေး နောက်ထက် ၂၀ ရာခိုင်နှုန်း ကျကာ ၂၀၀၀ မှတ်အောက် ဆင်းနိုင်သည်ဟု အိုက်ဆက်က ပြောသည်။    

အိုက်ဆက်က ယခုဈေးကွက်အနေအထားသည် ၁၉၂၉ ခုနှစ် ကမ္ဘာ့စီးပွားပျက်ကပ်ကြီးနှင့် အနီးစပ်ဆုံးနှိုင်းယှဉ်၍ရသည်ဟု ဆိုသည်။ အောက်တိုဘာ ၂၉ ရက်၊ ၁၉၂၉ ခုနှစ်နေ့က စတော့ဈေးကွက်ပြိုလဲသွားပြီးနောက် S&P 500 သည် သုံးနှစ်မတိုင်မီကာလအတွင်း ၈၆ ရာခိုင်နှုန်းကျဆင်းကာ ၁၉၅၄ ခုနှစ်မတိုင်အထိ ပြန်မတက်နိုင်ဘဲဖြစ်ခဲ့ရသည်။
 
“ ဒါဟာ ဥရောပမှာ ဧပြီလလယ်နဲ့ ဧပြီနှောင်းပိုင်းမှာ အရမ်းတင်းကျပ်တဲ့ လူဝင်လူထွက်ပိတ်ဆို့မှုတွေလိုဟာမျိုး တိုက်ဆိုင်နေတယ်။ ပြီးတော့ အလန့်တကြားနဲ့ (စတော့) အမြန်ရောင်းထုတ်တာမျိုးတွေလည်း ဖြစ်လာနိုင် တယ်" ”ဟု အိုက်ဆက်က ဆိုသည်။

“ခု အခြေအနေဟာ မကြုံဖူးတဲ့ အခြေအနေပါ။ ၂၀၀၈ ဘဏ္ဍာရေးအကျပ်အတည်းထက် ဆိုးပါတယ်။ ၁၉၈၇ ကထက်လည်း ပိုဆိုးတယ်။ ကမ္ဘာ့စီးပွားပျက်ကပ်ကြီးနောက်ပိုင်း ဘဏ္ဍာရေးဈေးကွက်တွေမှာ အဆိုးဆုံးသော ကပ်ဘေး ရိုက်ခတ်နေတာ ဖြစ်တယ်။”ဟု အိုက်ကဆက်က ပြောခဲ့သည်။

၂၀၂၀ တွင် ကမ္ဘာ့ ဂျီဒီပီ ဖွံ့ဖြိုးနှုန်းကို HIS Markit ကုမ္ပဏီက ၎င်းတို့၏ ခန့်မှန်းချက်အား ပြင်ဆင်လျှော့ချကာ ၀ ဒသမ ၇ ရာခိုင်နှုန်း ခန့်မှန်းခဲ့သည်။ ကိုရိုနာအရေးက စီးပွားရေးအပေါ် အပြည့်အဝ သက်ရောက်လာသည်က ပို၍ ထင်သာမြင်သာ ရှိလာခြင်းကြောင့်ပင် ဖြစ်သည်။ ဖွံ့ဖြိုးနှုန်း ၂ ဒသမ ၀ အောက်သည် တစ်ကမ္ဘာလုံးဆိုင်ရာ စီးပွားပျက်ကပ် (global recession) အဖြစ် သတ်မှတ်သည်။

ယင်း ကုမ္ပဏီ၏ မတ်လအတွက် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးခန့်မှန်းချက်သစ်တွင် HIS Markit ၏ စီးပွားရေးပညာရှင်အကြီးအကဲ နာရီမန်းဘတ်ဟာဗက်ရှ်နှင့် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေး အမှုဆောင်ဒါရိုက်တာ ဆာရာ ဂျွန်ဆင်တို့က ဂျပန်နိုင်ငံသည် စီးပွားပျက်ကပ်ဆိုက်နေပြီ ဖြစ်ပြီး ယခုနှစ် သုံးလပတ်အတွင်း အမေရိကန်နှင့် ဥရောပလည်း အလားတူ ဖြစ်လာမည်ဟု ခန့်မှန်းထားသည်။

အမေရိကန်၏ ဂျီဒီပီသည် ၀ ဒသမ ၂ ရာခိုင်နှုန်းအထိ ကျဆင်းမည်ဖြစ်ကြောင်း လက်ရှိတွင် ခန့်မှန်းထားပြီး ယူရိုတွင် ၁ ဒသမ ၅ ရာခိုင်နှုန်း၊ ဂျပန်တွင် ၀ ဒသမ ၈ ရာခိုင်နှုန်း ကျဆင်းကာ ဗိုင်းရပ်စ်စတင်ရာ တရုတ်တွင် ဖွံ့ဖြိုးနှုန်းက ၆ ဒသမ ၁ မှ ၃ ဒသမ ၉ သို့ နှေးကွေးကျဆင်းနိုင်ကြောင်း ခန့်မှန်းထားသည်။

ကိုရိုနာဗိုင်းရပ်စ် ကပ်ဘေးအတွက် တုံ့ပြန်ပြီး ခရီးသွားလာခြင်းများနှင့် လုပ်ငန်းကိုင်ငန်းများ ပိတ်ထားရခြင်း၏ အကျိုးဆက်ကြောင့် မြေကြီးလက်ခတ်မလွဲ ကြံလာရနိုင်သော ဝရုန်းသုန်းကား အခြေအနေမှ ခုသာခံသာ ရှိစေရန်အတွက် အဓိကစီးပွားရေးနိုင်ငံကြီးများမှ ဗဟိုဘဏ်များနှင့် အစိုးရများသည် ပြီးခဲ့သည့် သီတင်းပတ်များအတွင်း ဘဏ္ဍာရေးနှင့် ငွေကြေးမူဝါဒဆိုင်ရာ စေ့ဆော်မှုများကို ချမှတ်ကျင့်သုံးလာလျက် ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly