ကိုရိုနာဗိုင်းရပ်စ်ကို လူငယ်များလည်း ရှောင်လွဲနိုင်မည်မဟုတ်ဟု WHO သတိပေး

ကိုရိုနာဗိုင်းရပ်စ်ကို လူငယ်များလည်း ရှောင်လွဲနိုင်မည်မဟုတ်ဟု WHO သတိပေး

မတ် ၂၁။              ။ ကိုရိုနာဗိုင်းရပ်စ်က လူငယ်လူရွယ်များကိုလည်း ကူးစက်ဖျားနာစေနိုင် သို့မဟုတ် သေဆုံးစေနိုင်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က မတ်လ ၂၀ ရက်တွင် ထုတ်ပြန်သတိပေးလိုက်သည်။

ယင်းအတွက်ကြောင့် အဆိုပါ ဗိုင်းရပ်စ်သည် သက်ကြီးရွယ်အိုများနှင့် အခြား ခုခံနိုင်စွမ်းအားနည်းသူများသာ ကူးစက်ခံရနိုင်ခြေများသည် ဆိုပြီး ရောနှော သတင်းဖြန့်နေမှုကို လူငယ်များအနေဖြင့် ရှောင်ကြဉ်ကြရမည်ဟု WHO က ပြောသွားသည်။

လက်ရှိအချိန်အထိ ကမ္ဘာတဝန်း အဆိုပါ ဗိုင်းရပ်စ် ကူးစက်ခံထားရသူ ၂၁၀,၀၀၀ ကျော် ရှိနေပြီး လူ ၉,၀၀၀ ကျော် သေဆုံးခဲ့ပြီ ဖြစ်ကာ နေ့တစ်နေ့ချင်းစီတိုင်းသည် အသစ်ဖြစ်ပြီး ဝမ်းနည်းစရာကောင်းသော မှတ်တိုင် တစ်ခုကို ဖြစ်ပေါ်စေသည်ဟု WHO ညွန်ကြားရေးမှူးချုပ် တက်ဒရို့စ် အက်ဒ်ဟာနွန် ဂီဘရီယီဆက်စ်က ပြောသည်။

“ ဒီကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေမှာ အသက်အရွယ်ကြီးသူတွေ အပြင်းထန်ဆုံး ကြုံတွေ့ခံစားနေရတယ်ဆိုပေမယ့် လူငယ်လူရွယ်တွေလည်း ဒီဘေးကနေ လွတ်မြောက်မှာ မဟုတ်ပါဘူး၊ နိုင်ငံအများအပြားကနေ ကောက်ယူ ရရှိထားတဲ့ ဒေတာအချက်အလက်တွေအရလည်း အသက် ၅၀ အောက် လူတွေဟာ ဆေးရုံတက်ဖို့ လိုအပ်တဲ့လူနာတွေထဲမှာ သိသာတဲ့ အချိုးအစားတစ်ခုအဖြစ် ရှိနေတာကို ရှင်းရှင်းလင်းလင်း တွေ့ရမှာဖြစ်ပါတယ်” ဟု တက်ဒရို့စ်က သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ပြောသွားသည်။

“ ဒီနေ့မှာ လူငယ်လူရွယ်တွေကို ပေးချင်တဲ့ မက်ဆေ့ချ်တစ်ခု ရှိပါတယ်၊ ဒါကတော့ မင်းတို့ (လူငယ်တွေ) လည်း ဒီဘေးကနေ ရှောင်လွဲလွတ်မြောက်နိုင်မှာမဟုတ်ဘူးဆိုတာပါ၊ ဒီ ဗိုင်းရပ်စ်ကြောင့် မင်းတို့ ဆေးရုံမှာ သီတင်း ပတ်တွေများစွာ နေရအောင် ဖြစ်သွားစေနိုင်ပါတယ် ဒါမှမဟုတ် ယုစွအဆုံး ဒီဗိုင်းရပ်စ်က မင်းတို့ကို သတ်ပစ်နိုင်ပါတယ်၊ မင်းတို့ ဘယ်သွားမယ်၊ ဘယ်လာမယ်ဆိုတာနဲ့ပတ်သက်လို့ ဘယ်လိုရွေးချယ်မှုပဲလုပ်ပါစေ၊ မင်းတို့ မဖျားနာဘူးဆိုရင်တောင်မှ ဒါဟာ တစ်ခြားသူတွေအတွက်တော့ သေဆုံးခြင်းနဲ့ ရှင်သန်မှုအကြားက ခြားနားချက်တစ်ခု ဖြစ်နိုင်ပါတယ်” ဟု ၎င်းက ပြောသွားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly