ကိုရိုနာဗိုင်းရပ်စ်ကြောင့် အလုပ်အကိုင် ၂၄ သန်း ဆုံးရှုံးနိုင်ဟု ကုလသမဂ္ဂ ထုတ်ပြန်

ကိုရိုနာဗိုင်းရပ်စ်ကြောင့် အလုပ်အကိုင် ၂၄ သန်း ဆုံးရှုံးနိုင်ဟု ကုလသမဂ္ဂ ထုတ်ပြန်

မတ် ၂၁။          ။ကိုရိုနာဗိုင်းရပ်စ် (COVID -19) ကူးစက်ဖြစ်ပွားမှု၏ သက်ရောက်မှုများကြောင့် ကမ္ဘာတဝန်း လူပေါင်း ၂၄ သန်းကျော် အလုပ်လက်မဲ့ ဖြစ်သွားနိုင်သည်ဟု ကုလသမဂ္ဂက မတ်လ ၁၈ ရက်တွင် ကြေညာ သွားခဲ့သည်။

ကမ္ဘာတဝန်း အလုပ်လက်မဲ့ဖြစ်မှုသည် “အနိမ့်ဆုံး” ဖြစ်နိုင်ခြေ  ၅ ဒသမ ၃ သန်း နှင့် “အမြင့်ဆုံး” ဖြစ်နိုင်ခြေ ၂၄ ဒသမ ၃ သန်း အထိ မြင့်တက်နိုင်ကြောင်း ကုလသမဂ္ဂအေဂျင်စီ နိုင်ငံတကာ အလုပ်သမားအဖွဲ့အစည်း (ILO) က အစီရင်ခံစာသစ်တစ်ရပ် ထုတ်ပြန်သွားခဲ့သည်။

“ဒါပေမယ့်လည်း ၂၀၀၈၊၂၀၀၉ ကမ္ဘာလုံးဆိုင်ရာ ဘဏ္ဍာရေးအကျပ်အတည်းမှာတုန်းက ဖြစ်ခဲ့သလိုမျိုး နိုင်ငံတကာ အတိုင်းအတာအားဖြင့် ချိတ်ဆက်ညှိနှိုင်းထားတဲ့ မူဝါဒ တုန့်ပြန်မှုတစ်ရပ်ကိုသာ တွေ့မြင်ရမယ်ဆိုရင်တော့ ကမ္ဘာလုံးဆိုင်ရာ အလုပ်လက်မဲ့ဖြစ်မှုအပေါ် သက်ရောက်မှုဟာ သိသိသာသာ လျော့ကျသွားနိုင်ပါတယ်” ဟု ILO က ယင်း၏ ဝက်ဘ်ဆိုဒ်တွင် ရေးခဲ့သည်။ နှိုင်းယှဉ်ကြည့်မည်ဆိုလျင် ၂၀၀၈၊ ၂၀၀၉ ဘဏ္ဍာရေးအကျပ် အတည်းအတွင်း လူ ၂၂ သန်း အလုပ်အကိုင်များ ဆုံးရှုံးခဲ့ရသည်။

COVID -19 ကူးစက်ဖြစ်ပွားမှုကြောင့် စီးပွားရေးလုပ်ငန်းအများအပြားကိုလည်း ဖိအားအောက် ကျရောက်ထားစေခဲ့ပြီး အစိုးရတချို့ဆိုလျင် အလုပ်အကိုင်ဆုံးရှုံးမှု ကာကွယ်ရန် စီးပွားရေး အစီအမံလုပ်ဆောင်ချက်များကို ကတိပြုလာခဲ့ကြသည်။

“ ဒါက ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေး အကျပ်အတည်းတစ်ခုသက်သက် မဟုတ်တော့ပါဘူး၊ ဒါက လူတွေအပေါ် အကြီးကြီး ထိခိုက်သက်ရောက်စေမယ့် အလုပ်သမားစျေးကွက်နဲ့ စီးပွားရေး ဆိုင်ရာ အဓိက အကျပ်အတည်း တစ်ခုလည်း ဖြစ်ပါတယ်” ဟု ILO ၏ ညွန်ကြားရေးမှူးချုပ် Guy Rider က ပြောသည်။

ထို့ပြင် ယခုအစီရင်ခံစာတွင် working poverty ဟု ခေါ်သည့် အလုပ်အကိုင် ရှိနေသူများ ဆင်းရဲနွမ်းပါးမှုအောက် ရောက်နေသည့်အခြေအနေ၏ ကမ္ဘာလုံးဆိုင်ရာ လယ်ဗယ်များကိုလည်း ဖော်ထုတ်ရေးသားခဲ့သည်။

COVID -19 ၏ သက်ရောက်မှုကြောင့် ၂၀၂၀ နှစ်ကုန်မတိုင်မီ ကမ္ဘာတဝန်း လူပေါင်း ၈ ဒသမ ၈ သန်းနှင့် ၃၅ သန်းကြား တို့သည် ဆင်းရဲနွမ်းပါးပြီး အလုပ်လုပ်ကိုင်နေရကောင်း ရနိုင်သည်ဟု သိရသည်။

အလုပ်အကိုင်ခန့်အပ်မှုပိုင်း ကျဆင်းမှုကလည်း အလုပ်သမားများအတွက် ဝင်ငွေ ဆုံးရှုံးမှုကို ဖော်ညွန်းနေသည်။ ၂၀၂၀ နှစ်ကုန်မတိုင်မီ ကမ္ဘာတဝန်း အလုပ်သမားများအတွက် ဝင်ငွေဆုံးရှုံးနိုင်မှုတန်ဖိုးကို ဒေါ်လာ ၈၆၀ ဘီလီယံ နှင့် ဒေါ်လာ ၃ ဒသမ ၄ ထရီလီယံအကြားအဖြစ် ကုလသမဂ္ဂအစီရင်ခံစာက သတ်မှတ်ဖော်ပြခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly