COVID-19 ဖြစ်မှ ဆေးဖြန်းခြင်းမဟုတ်ဘဲ ရန်ကုန်ဘူတာကြီးရှိ ရထားတွဲများ ဆေးဖြန်းမှု ဆယ်စုနှစ်ကျော်ရှိပြီဟုဆို

COVID-19 ဖြစ်မှ ဆေးဖြန်းခြင်းမဟုတ်ဘဲ ရန်ကုန်ဘူတာကြီးရှိ ရထားတွဲများ ဆေးဖြန်းမှု ဆယ်စုနှစ်ကျော်ရှိပြီဟုဆို
ပုံ- ရထားတွဲကို ဆေးဖြန်းနေသူ(ပုံ-သူရ/မဇ္ဈိမ)

ရန်ကုန်၊ မတ်လ ၂၀။            ။ ရန်ကုန်ဘူတာကြီးအတွင်းရှိ  ရန်ကုန်တွဲပြင်အလုပ်ရုံတွင် ခရီးဝေးသွား ရထားများကို ဆေးဖြန်းသည့် သက်တမ်းမှာ ဆယ်စုနှစ်ကျော် ရှိပြီးဖြစ်ကြောင်းပြီး အများထင်သလို COVID-19 ရောဂါ ကူးစက်ပျံ့နှံ့မှု ကာကွယ်ရေးအတွက် သီးသန့် ဆေးဖြန်းခြင်းမဟုတ်ကြောင်း ရန်ကုန်တွဲပြင်အလုပ်ရုံမှ လက်ထောက်အင်ဂျင်နီယာ(စက်မှု) ဦးအောင်မြင့်ကြည်က မဇ္ဈိမ သို့ ပြောသည်။

ရန်ကုန်ဘူတာကြီးအတွင်းရှိ ရန်ကုန်တွဲပြင်အလုပ်ရုံတွင် ခရီးဝေးသွား ရထားများကို ပိုးမွှားနှိမ်နင်းရေး ဆေးဖြန်းမှုကို ၂၀၂၀ ခုနှစ်၊မတ်လ ၂၀ ရက်က ပြုလုပ်ခဲ့သည်။

ရန်ကုန်တွဲပြင်အလုပ်ရုံမှ လက်ထောက်အင်ဂျင်နီယာ(စက်မှု) ဦးအောင်မြင့်ကြည်က “အဓိက ပိုးမွှားနှိမ်နင်းရေး ဆေးပါ၊ လုပ်လာတာက ဆယ်စုနှစ် ကျော်ပါပြီး၊ ဒီမှာ တစ်နှစ်တစ်ခါ ဆေးဖြန်းတာ။ အစိုးရကနေပြီးတော့ တင် ဒါခေါ်ပြီး အောင်မြင် တဲ့ ကုမ္ပဏီတွေက လာပြီးတော့ ဆေးဖြန်းတာပါ။ နှိမ်နင်းတာက ကြွက်၊ ခြင်၊ ဂျပိုး၊ ပိုးဟတ်၊ ပုရွတ်ဆိတ်၊ ခြတို့ပါ အခုက သူတို့ရဲ့အချိန်ဇယားအတိုင်း လာဖြန်းတာပါ။ တွဲတစ်တွဲကို တစ်လကို လေးကြိမ် လာဖြန်းပေးရပါတယ်”ဟု ပြောသည်။

ပုံ - ရထားတွဲကို ဆေးဖြန်းနေ(ပုံ-သူရ/မဇ္ဈိမ)

ခရီးဝေးသွားမည့် သူများအတွက် ရန်ကုန်ဘူတာကြီးဝင်း အတွင်းတွင် COVID-19 နှင့် ပတ်သက်ပြီး အသိပညာပေး လုပ်ငန်းများနှင့် ကိုယ်ပူချိန်တိုင်းသည့် စက်များလည်း ထားရှိပေးထားကြောင်း သိရသည်။

အဆုတ်ရောင်ကာ အသက်ရူကြပ်သည့် COVID-19 ရောဂါ နိုင်ငံပေါင်း ၁၀၀ ကျော် ပျံ့နှံ့နေခြင်းကြောင့် လူစုလူဝေးများ မပြုလုပ်ကြရန် အပါအဝင် လူအများဖြင့် ခရီးသွားလာခြင်းမျိုး မပြုလုပ်ကြရန်၊ မိမိ နေအိမ်အတွင်းမှာ သာ နေထိုင်ကြရန်နှင့် ခရီးသွားမှုများ ရှောင်ကြဉ်ကြရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက တိုက်တွန်းထားသည်။

ထို့နောက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် လူမှုရေးအဖွဲ့အစည်းများ၊ ကျန်းမာရေးဝန်ကြီးဌာနတို့ ပူးပေါင်းကာ COVID-19 ရောဂါ ကာကွယ်ရေးအတွက် YBS ဘတ်စ်ကားလိုင်းများတွင် ဆေးဖြန်းမှုများ ပြုလုပ်နေသလို ပြည်သူ လူထုအား လက်သန့်ဆေးရည်များ ဖြန်းပေးခြင်း၊ လက်ဆေးရန် ဘေစင်များ ထားခြင်းတို့ ပြုလုပ်ပေးနေသည်။

ယနေ့ (မတ်လ ၂၀ ရက်)တွင် ရန်ကုန်ဘူတာကြီးအတွင်းရှိ ခရီးဝေးသွားမည့် ရထားတွဲများကို ဆေးဖြန်းခြင်းက တစ်နှစ် တစ်ခါ ပုံမှန် ဖြန်းလေ့ရှိသည့်အတိုင် ဆောင်ရွက်ခြင်းဖြစ်ပြီး လက်ဆေးရည်များကိုလည်း မူလက  တည်းက ထားရှိပေး ထားကြောင်း၊ COVID-19 ရောဂါ ကူးစက်မှု ဖြစ်ပွားသည့် အခါမှ ဆောင်ရွက်ခြင်းမဟုတ်ကြောင်း သိရသည်။

ဦးအောင်မြင့်ကြည်က“ဒီမှာက ဗိုင်းရပ်စ်နဲ့ပတ်သက်ပြီး အစီအစဉ် မရှိသေးပါဘူး၊ ဒီမှာက ပိုးမွှား နှိမ်နင်းရေးပဲရှိတော့ တတ်နိုင်သလောက် အရင်ကထက် ပိုပြီး လုပ်ဆောင်နေတယ်။ တွဲတွေကို ပိုပြီး သန့်ရှင်းရေး လုပ်နေပါ တယ်။ ကြီးကြပ် သူတွေကလည်း အရင်က ထက်ပိုပြီး ကြီးကြပ်နေပါတယ်။ လက်ဆေးရည်က လေအိတ် ရထားတွဲဆိုင်းတွေ ရောက် ကတည်းက လက်ဆေးရေကန်မှာ လက်ဆေးရည် ထားတာက တစ်နှစ်လောက် ရှိပါပြီး။ ဗိုင်းရပ်စ် ပေါ်လာတဲ့နောက်ပိုင်းမှာ လက်ဆေးရည်က ပိုပြီး အသုံးများလာကြတယ်”ဟု ပြောသည်။

မြန်မာနိုင်ငံတွင် ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်မှ မတ်လ ၁၉ ရက်အထိ COVID-19 ရောဂါ စောင့်ကြည့်လူနာ ၁၇၃ ဦး ရှိပြီး သံသယလူနာ ၂ ဦးရှိကြောင်း၊ ထိုလူနာများ၏ ဓာတ်ခွဲစစ်ဆေးမှုအရ ယနေ့ချိန်ထိ ရောဂါပိုး မတွေ့ရှိကြောင်း ကျန်းမာ ရေးဝန်ကြီးဌာန ထုတ်ပြန်ချက်များအရ သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly