COVID -19 ကာကွယ်ရေးအတွက် လူမှုကွန်ယက်အဖွဲ့မှ လက်သန့်ဆေးရည် ဖြန်းပေးနေ

COVID -19 ကာကွယ်ရေးအတွက် လူမှုကွန်ယက်အဖွဲ့မှ လက်သန့်ဆေးရည် ဖြန်းပေးနေ
ပုံ- -COVID-19 ကာကွယ်နိုင်ရေး ဆရာလေးတစ်ပါးကို လက်သန့်ဆေးရည် ဖြန်းပေးနေစဉ်(ပုံ- သူရ/မဇ္ဈိမ)

မတ်လ ၂၀။               ။ ကိုရိုနာဗိုင်းရပ်စ် COVID-19 ကာကွယ်ရေးအတွက် သုံးရောင်ခြယ် ပြည်သူ့အကျိုးပြု လူမှုကွန်ယက်အဖွဲ့က ယနေ့(မတ်လ ၂၀ ရက်) နံနက်ပိုင်းတွင် ဆူးလေ ၊ ဗိုလ်ချုပ်အောင်ဆန်းဈေးနှင့် သင်္ဘောဆိပ်များတွင် လက်သန့်ဆေးရည်များ ဖြန်းမှုများ လုပ်နေသလို ကာကွယ်ရမည့် အခြေအနေများကို အသိပေး ကမ်းပိန်း စတင် ပြုလုပ်နေခြင်း ဖြစ်သည်။

သုံးရောင်ခြယ် ပြည်သူအကျိုးပြု လူမှုကွန်ယက်အဖွဲ့ အနေဖြင့် မတ်လ ၂၀ ရက်နေ့မှ စတင်ပြီး ပန်းဆိုးတန်း-ဒလ သင်္ဘော ဆိပ် ၊ ရန်ကုန်မြို့တော် ခန်းမရှေ့၊ ဆူးလေကားဂိတ်၊ ဗိုလ်ချုပ်ဈေးနှင့် ဗိုလ်ချုပ်ဈေး ကားမှတ်တိုင် တို့တွင် အသိပညာပေး ခြင်းနှင့် လက်သန့် ဆေးရည်များ ဖြန်းပေးခြင်းတို့ ပြုလုပ်ခဲ့သည်။

သုံးရောင်ခြယ် ပြည်သူ့အကျိုးပြု လူမှုကွန်ယက်အဖွဲ့မှာ ကိုကျော်ထွန်းနိုင်က “ရောဂါပိုး ကျကတည်းက လုပ်ဖို့ရှိပါတယ်၊ သူငယ်ချင်းတွေ၊ စီးပွားရေး လုပ်ငန်းရှင်တွေနဲ့ အစည်းအဝေး ထိုင်ပြီး ဘယ်လို တွေ လုပ်မလဲ ၊ဘာလုပ်ပေးနိုင်မလဲ၊ ကျွန်တော်တို့ အကျိုးပြုအဖွဲ့ကရော၊ ဘယ်လိုတွေ ကူညီပေးနိုင်မလဲဆိုတာ အစည်း အဝေး ထိုင်တဲ့အချိန်မှာ သူငယ်ချင်း ကိုအောင်မျိုးကျော်ကနေ သူတို့ကုမ္ပဏီက ထုတ်တဲ့ ဒီလက်သန့်ဆေးရည်ကို မျှဝေပေးတယ်။ ဒီနေ့မှာ သင်္ဘောဆိပ်၊ ကားဂိတ်တွေ၊ လူစည်ကားရာ အရပ်တွေမှာ လက်ဆေးတဲ့ လုပ်ငန်းတွေ ၊ အကြံပြုတဲ့ လုပ်ငန်းတွေကို ကူညီပေးတာပါ “ ဟု မဇ္ဈိမသို့ ပြောသည်။

ပုံ - -ဘတ်စ်ကားပေါ်က အမျိုးသမီးတစ်ဦးကို လက်ဆေးရန် ကူညီပေးနေစဉ် (ပုံ- သူရ/မဇ္ဈိမ)

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းကလည်း သင်္ဃန်းကျွန်းမြို့နယ်ရှိ ကားမှတ်တိုင်တွင် လက်ဆေးရန်အတွက် ထားရှိပေး ပြီးနောက် ရန်ကုန်မြို့တော်ခန်းမ ဘေးမျက်နှာစာ၌ လက်ဆေးရန် လက်ဆေးခုံများ ထားပေးထားကြောင်း သိရသည်။

ကိုကျော်ထွန်းနိုင်က“သူတို့နဲ့ ထိတွေ့ ဆက်ဆံတဲ့အချိန်မှာ တစ်ယောက်က စပီကာနဲ့အကြောင်းကြားတယ်။ စည်းကမ်း တကျ အော်ပေးတယ်၊ WHO အသိအမှတ် ပြုထားတဲ့အတွက် အော်ပေးပါတယ်။ လူတွေက လက်ကလေး တွေ ဖြန့်ပေး ကြတယ်၊ မှောက်ပေးတယ်၊ ဆေးကြတယ်၊ လမ်းလျှောက်တာကအစ လေးပေခွာ လျှောက်ပါ။ တတ်နိုင်ရင် အလုပ်မရှိပဲ အိမ်ကမထွက်ပါနဲ့ ကိုယ်ခံအား မကျပါနဲ့လို့ အော်ပေးနေပါတယ်”ဟု ပြောသည်။

မြန်မာနိုင်ငံတွင် ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်မှ မတ်လ ၁၉ ရက်နေ့အထိ ကိုရိုနာဗိုင်းရပ်စ် (Covid-19) စောင့်ကြည့် လူနာ ၁၇၃ ဦးနှင့် သံသယလူနာ ၂ ဦးတို့ ရှိကြောင်း ထိုလူပုဂ္ဂိုလ်များတွင် ရောဂါပိုးမတွေ့ရှိကြောင်း အစိုးရက ထုတ်ပြန် ချက်များအရ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required