တစ်ပတ်ကို မြန်မာငွေ သိန်း(၃၀၀၀) ကနေ သိန်း(၅၀၀၀)ကျော်တဲ့အထိ ရနေတဲ့ နာမည်ကျော် ဘောလုံးသမားတွေရဲ့ ဘဝကို အားမကျတဲ့သူ ရှိမယ်လို့တောင် မထင်ပါဘူး။ သူတို့မှာ ကားအကောင်းစားတွေ၊ ကြီးမားတဲ့ စံအိမ်ကြီးတွေ၊ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတွေ အများအပြား ရှိနေကြပြီး ပိုက်ဆံဆိုတာ သူတို့အတွက် သိပ်အရေးမကြီးတဲ့ အနေအထားလို့တောင် ပြောလို့ရပါတယ်။
မန်ယူအသင်းရဲ့ ကွင်းလယ်ကစားသမား ပေါ့ဂ်ဘာ ရဲ့ နေထိုင်မှု ပုံစံကလည်း လူတိုင်းအားကျရမယ့် ပုံစံတွေထဲက တစ်ခုပါပဲ။ သူက တကယ့်ကို အကောင်းစား ဆိုတာတွေကိုမှ ရွေးချယ်ဝယ်ယူတတ်သူဖြစ်ပြီး (၂.၉)သန်း တန်ကြေးရှိတဲ့စံအိမ်ကြီး တစ်ခုကို မန်ချက်စတာမှာ ဝယ်ယူထားသူပါ။
အသက် (၂၆)နှစ်အရွယ် အင်စတာဂရမ်ပရိသတ် (၃၅)သန်းကျော်ရှိပြီး သူ့ရဲ့ နေထိုင်မှု ပုံစံတွေကို ပရိသတ်တွေသိအောင် မျှဝေပေးလိုက်ပါတယ်။
ကားချစ်သူ
ပေါ့ဂ်ဘာ ဟာ သူရတဲ့ ပိုက်ဆံတွေထဲက အချို့ကို ကားအကောင်းစားတွေ ဝယ်ဖို့အတွက် အသုံးပြုသူဖြစ်ပြီး သူ့ဆီမှာ ပေါင် (၂၉၀၀၀၀)တန် ရွိုးရွိုက်စ် ကားတစ်စီး ၊ ပေါင် (၂၇၁၀၀၀)တန် လန်ဘော်ဂီနီ တစ်စီး ၊ ပေါင် (၂၆၀၀၀၀)တန် ဖာရာရီ တစ်စီး အပြင် အော်ဒီ ၊ မာဆီရက်တီ နဲ့ မာစီဒီးစ် ကားတွေပါ သူ့ရဲ့ ကားဂိုဒေါင်ထဲမှာ ရှိနေတာပါ။ ဒါ့အပြင် မန်ယူအသင်းရဲ့ ဂျာစီစပွန်ဆာဖြစ်တဲ့ ချက်ဗလက် က ပေးထားတဲ့ ကားတစ်စီးလည်း ရှိပါသေးတယ်။ ပေါ့ဂ်ဘာရဲ့ ကားပိုင်ဆိုင်မှု တန်ကြေး စုစုပေါင်းက ပေါင် (၁.၆)သန်းကျော်ရှိပြီး သူ့နေအိမ်ထဲမှာ ကားတွေနဲ့အပြည့်ပဲလို့ ရင်းနှီးသူတွေက ဆိုပါတယ်။
စံအိမ်
ပေါ့ဂ်ဘာလို နာမည်ကျော် ကစားသမားမျိုး နေတဲ့နေရာ ကို နေအိမ် လို့ ပြောဖို့ထက် စံအိမ် လို့ပဲ ပြောရမှာပါ။ ဘာကြောင့်လဲဆိုတော့ ခြံဝန်းအကျယ်ကြီးနဲ့ အရမ်းကို ခမ်းနားတဲ့ အိမ်မျိုးမို့ပါပဲ။ သူ့ရဲ့အိမ်က လက်ရှိပေါက််စျေး ပေါင် (၃.၄၉)သန်းကနေ (၂.၉)သန်းကြား တန်ပြီး အဆင့်မြင့်ဆောက်လုပ်ထားတဲ့အိမ်ပါ။
မန်ယူအသင်းကို ပေါ့ဂ်ဘာတစ်ယောက် ပြောင်းရွှေ့လာတဲ့ (၂၀၁၆)ခုနှစ်မှာတုန်းက ဟိုတယ်မှာ (၆)လ လောက် အချိန်ကုန်ခဲ့ရပါသေးတယ်။ သူလိုချင်တဲ့အိမ်ကို စိတ်ရှည်ရှည်နဲ့ ရှာနေခဲ့တဲ့ ပေါ့ဂ်ဘာ ဟာ နောက်ဆုံးမှာတော့ အိပ်ခန်း (၅)ခန်းပါတဲ့ မော်ဒန်စံအိမ်ကြီးကို တွေ့သွားခဲ့ပြီး အဲဒီထဲမှာ အိမ်တွင်း ရေကူးကန်၊ Gym ခန်း ၊ အသေးစားရုပ််ရှင်ရုံလေးနဲ့ ကြီးမားကျယ်ပြန့်တဲ့ မီးဖိုချောင်တို့ရှိနေပါတယ်။
ဖက်ရှင်
ပေါ့ဂ်ဘာဟာ သူ့ကို စပွန်ဆာပေးထားတဲ့ Adidas ရဲ့ ဝတ်စုံတွေအပြင် နာမည်ကျော် Brand တွေကို ဝတ်ဆင်ရတာ သဘောကျသူတစ်ယောက်ပါ။ သူ့ရဲ့ အဝတ်ဗီရိုထဲမှာ Givenchy, Balmain, Off-White, Amiri, Dolce & Gabbana, Christian Louboutin and Maison Margiela စတဲ့ နာမည်ကျော် တံဆိပ်တွေကိုသာ တွေ့ရမှာဖြစ်ပြီး Gucci တွေဆို ဝတ်လွန်းလို့ မန်ဘာအဖြစ်တောင် သတ်မှတ်ခြင်းခံထားရပါပြီ။
ပေါ့ဂ်ဘာ က အားလပ်ရက်တွေမှာ အပန်းဖြေဖို့ လော့စ်အိန်ဂျလိစ်မှာ နေအိမ်တစ်လုံးကိုလည်း ငှားရမ်းထားပြီး နိုင်ငံခြားခရီးစဉ်တွေအတွက် ကိုယ်ပိုင်လေယာဉ်တစ်စင်းကိုပါ ဝယ်ထားသေးတာပါ။
ကဲ…ဒီလောက်ဆိုရင် ပေါ့ဂ်ဘာရဲ့ ဘဝကြီးဟာ ဘယ်လောက်တောင် စိတ်ချမ်းသာဖို့ ကောင်းလဲဆိုတာ သိလောက်ပါပြီနော်…။ ဘောလုံးကွင်းထဲမှာ ခြေစွမ်းပြနိုင်သည်ဖြစ်စေ၊ ပွဲထွက်ခွင့်ရသည်ဖြစ်စေ၊မရသည်ဖြစ်စေ နာမည်ကျော်ဘောလုံးသမားတစ်ယောက် ဖြစ်လာပြီဆိုရင် သူ့ရဲ့ပိုင်ဆိုင်မှုတွေက လူတိုင်းအတွက် အားကျစရာ ဖြစ်လာရတာပါ….။