ကောလာဟလ သတင်းပျံ့နှံ့မှု လျော့ချနိုင်ရေး WhatsApp ကိုရိုနာဗိုင်းရပ်စ် အချက်အလက်စင်တာထားမည်

ကောလာဟလ သတင်းပျံ့နှံ့မှု လျော့ချနိုင်ရေး WhatsApp ကိုရိုနာဗိုင်းရပ်စ် အချက်အလက်စင်တာထားမည်
ပုံ - WhatsApp (ပုံ- CNN)

ရန်ကုန်၊ မတ် ၂ဝ။           ။ မိုလ်ဘိုင်း အပလီကေးရှင်း တစ်ခုဖြစ်သည့် WhatsApp မှ လူထုအကြား ကောလာဟလသတင်း ပျံ့နှံ့မှုများကို လျော့ချနိုင်ပြီး တိကျမှန်ကန်သည့် ကျန်းမာရေး သတင်းများ သိရှိရန် WHO၊ UNICEF၊ UNDP တို့နှင့် ပူးပေါင်းပြီး ကိုရိုနာဗိုင်းရပ်စ် အချက်အလက်စင်တာတစ်ခု ဖန်တီးမိတ်ဆက်ခဲ့သည်။

WhatsApp ၏ အကြီးအကဲဖြစ်သူ Will Cathcart က “အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတဲ့ အခုလိုကာလမှာ ကိုယ်ချစ်ရသူ တွေနဲ့ သူငယ်ချင်းတွေကို ဆက်သွယ်ဖို့၊ ဆရာဝန်က လူနာကို ဆက်သွယ်ဖို့၊ ဆရာနဲ့ ကျောင်းသားတွေ ဆက်သွယ်ဖို့ WhatsApp ကို ပုံမှန်ထက် ပိုပြီး သုံးနေကြရတယ်ဆိုတာ  ကျွန်တော်တို့ သိရှိနားလည်ထားပါတယ်။ WhatsApp ရဲ့ အချက်အလက် စောင့်ကြည့် စစ်ဆေးတဲ့ အဖွဲ့တွေ ပိုပြီး တိုးတက်ဖွံ့ဖြိုးလာအောင်၊ ကောလာဟလ သတင်းတွေကို ရှာဖွေဖော်ထုတ်ရင်း အသက်ကယ်ပေးနေတဲ့ သူတို့ရဲ့ လုပ်ငန်းစဉ်ကို ပံ့ပိုးနိုင်အောင် Poynter Institute နဲ့ လက်တွဲ ဆောင်ရွက် နိုင်ခဲ့တဲ့အတွက် ကျေနပ် ပီတိဖြစ်ရပါတယ်”ဟု ပြောသည်။

ထို့နောက် ၎င်းက “ နိုင်ငံအသီးသီးမှာရှိတဲ့ ကျန်းမာရေးဝန်ကြီးဌာနတွေနဲ့ တိုက်ရိုက် ချိတ်ဆက်ပြီး တရားဝင် ထုတ်ပြန် ချက်တွေကို WhatsApp ကနေ ပြည်သူတွေဆီ တိုက်ရိုက် အချိန်နဲ့ တပြေးညီ ရောက်ရှိနိုင်အောင် ဆက်လက် လုပ်ဆောင် နေပါတယ်” ဟု ပြောသည်။

WhatsApp မှ ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)၊ ယူနီဆပ်စ်(UNICEF)တို့နှင့် ပူးပေါင်းပြီး ကမ္ဘာ့နိုင်ငံ အသီးသီးရှိ လူအများ တိုက်ရိုက် ခေါ်ဆိုနိုင်မည့် အရေးပေါ် ဆက်သွယ်ရေး နံပတ်များ ထားရှိပေးနိုင်ရန် ဆောင်ရွက်လျက်ရှိပြီး အဆိုပါ ဆက်သွယ်ရေး နံပါတ်များကို WhatsApp ကိုရိုနာဗိုင်းရပ်စ် အချက်အလက်စင်တာတွင် ဖော်ပြထားမည်ဖြစ်ကြောင်း သိရသည်။

whatsapp.com/coronavirus တွင် ဝင်ရောက်ကြည့်ရှုနိုင်သော WhatsApp ကိုရိုနာဗိုင်းရပ်စ် အချက်အလက်စင်တာကို WhatsApp အသုံးပြု နေကြသူများအကြား လက်တွေ့ အသုံးချနိုင်မည့် ညွှန်ကြားချက်များကို စုစည်း ပြသထားမည်ဖြစ်ပြီး ကောလာဟလ သတင်းပျံ့နှံ့မှုကို လျှော့ချနိုင်ရန် ရည်ရွယ်ကြောင်း သိရသည်။

ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် UNDP မှ တာဝန်ရှိသူ Achim Steiner က “COVID-19 နဲ့ပတ်သက်တဲ့ သတင်း အချက် အလက် မှန်တွေကို ဒေသခံလူထုအကြား အချိန်နဲ့ တပြေးညီ ရောက်ရှိဖို့ဆိုတာ ဗိုင်းရပ်စ်ပျံ့နှံ့မှုကို တားဆီးဖို့ ကြိုးစား နေတဲ့  နိုင်ငံတကာ လူမှုအဖွဲ့အစည်းကြီးရဲ့ ကြိုးပမ်းမှုတွေထဲက တစ်စိတ်တစ်ပိုင်းပါပဲ။ WhatsApp လို ပုဂ္ဂလိက ကုမ္ပဏီ တွေနဲ့ အခုလို လက်တွဲ ဆောင်ရွက်တဲ့အတွက် WHO နဲ့ ပြည်တွင်း ကျန်းမာရေး ဝန်ထမ်းတွေဆီကရတဲ့ အရေးကြီးတဲ့ သတင်းစကားတွေကို ကမ္ဘာတစ်ဝန်းက ဘီလျံနဲ့ချီတဲ့ အသုံးပြုသူတွေဆီ အချိန်နဲ့တပြေးညီ ရောက်ရှိဖို့ အထောက်အပံ့ ဖြစ်စေပါတယ်”ဟု ပြောသည်။

ကမ္ဘာတစ်ဝန်း ဖြစ်ပွားနေသည့် ကိုရိုနာဗိုင်းရပ်စ် (ခေါ်) COVID-19 ကူးစက်ရောဂါ တိုက်ဖျက်ရေးအတွက် အထောက်အပံ့ ဖြစ်စေရန် WhatsApp မှ ပြုလုပ်သည့် ကနဦး လှုပ်ရှားမှု နှစ်ခုအနက် ကိုရိုနာဗိုင်းရပ်စ် အချက် အလက်စင်တာသည် ထိုလှုပ်ရှားမှု နှစ်ခုထဲက တစ်ခု ဖြစ်ပြီး  နောက်ထပ် လှုပ်ရှားမှုတစ်ခုအဖြစ်  ကိုရိုနာဗိုင်းရပ်စ် အချက်အလက် စောင့်ကြည့် စစ်ဆေးရေး မိတ်ဖက်အဖွဲ့ နိုင်ငံတကာ အချက်အလက် စစ်ဆေးရေး ကွန် ယက်(IFCN)သို့ အမေရိကန်ဒေါ်လာ တစ်သန်း လှူဒါန်းခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly