ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရေး စွမ်းရည်စမ်းသပ်မှုအဖြစ် အိန္ဒိယမှာ တစ်ရက်တာ ကာဖျူးမိန့် ထုတ်

ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရေး စွမ်းရည်စမ်းသပ်မှုအဖြစ် အိန္ဒိယမှာ တစ်ရက်တာ ကာဖျူးမိန့် ထုတ်

မတ်လ ၂၀။        ။ ကိုရိုနာဗိုင်းရပ်စ် ကပ်ဘေးကို တိုက်ဖျက်ရေးမှာ နိုင်ငံရဲ့ စွမ်းဆောင်နိုင်ရည်ကို စမ်းသပ်ဖို့အတွက် အိန္ဒိယအစိုးရဟာ ပြည်သူ ၁ ဒသမ ၃ ဘီလီယံအတွက် သတ်မှတ်ချိန်အတွင်း အပြင် မထွက်ရ ကာဖျူးမိန့် ထုတ်လိုက်သလို နိုင်ငံတကာလေကြောင်း ပျံသန်းမှုတွေကိုလည်း တားမြစ်ကြောင်း ကြာသပတေးနေ့က ကြေညာလိုက်ပါတယ်။

ဝန်ကြီးချုပ် နာရန္ဒြာမိုဒီက နိုင်ငံတော်မိန့်ခွန်း ပြောကြားရာမှာ အိန္ဒိယပြည်သူတွေအနေနဲ့ လာမယ့် တနင်္ဂနွေမှာ နံနက် ၇ နာရီကနေ ည ၉ နာရီအထိ အပြင်မထွက်ဘဲ နေရမယ့် ကာဖျူးမိန့်ကို လိုက်နာဖို့ ပြောဆိုတိုက်တွန်း သလို လူသေဆုံးစေနိုင်တဲ့ ကိုရိုနာဗိုင်းရပ်စ်ဟာ ဒီထက်မက ပျံ့နှံ့လာနိုင်တယ်လို့လည်း သတိပေးပါတယ်။

“တစ်ယောက်မှ အိမ်ပြင် မထွက်ကြပါနဲ့၊ လမ်းပေါ် လျှောက်မသွားပါနဲ့။ ဒါဟာဆိုရင် နိုင်ငံရဲ့ အကျိုးစီးပွားမှာ ထိန်းချုပ်လိုက်နာနိုင်စွမ်းကို ပြသရမယ့် ကိုယ်တိုင်ကာဖျူးမိန့် လိုက်နာခြင်းပဲ ဖြစ်ပါမယ်။”လို့ မိုဒီက ပြောပါ တယ်။

“တစ်ရက်တာ ကာဖျူးမိန့်ဟာ  အနာဂတ်စိန်ခေါ်မှုတွေအတွက် ပြင်ဆင်ရာမှာ အထောက်အပံ့ ရရှိစေမှာ ဖြစ်ပါတယ်။”လို့လည်း ၎င်းက ပြောပါတယ်။

နိုင်ငံတွင်းမှာ ကိုရိုနာကူးစက်ဖြစ်ပွားသူ ၁၇၃ ဦး ရှိပြီး လေးဦး သေဆုံးပြီဖြစ်ပေမယ့် ပြည်သူတွေဟာ စိုးရိမ်မှုတွေ တိုးမြင့်နေပြီး သိုလှောင်အစားအစာနဲ့ လိုအပ်ပစ္စည်းတွေကို အလုအယက် ဝယ်ယူနေကြပါတယ်။

ပြည်သူတွေအနေနဲ့ မသိလိုက် မသိဘာသာ မနေသင့်ကြောင်း မိုဒီက သတိပေးရင်း ကမ္ဘာတစ်လွှားမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားမှု တစ်ဟုန်ထိုး မြင့်မားနေတာကို ထောက်ပြခဲ့ပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly