Lockdown ကြောင့် ဗင်းနစ်မြို့တူးမြောင်းရေများ ကြည်လင်သန့်ရှင်းလာ

Lockdown ကြောင့် ဗင်းနစ်မြို့တူးမြောင်းရေများ ကြည်လင်သန့်ရှင်းလာ

မတ် ၂၀။                ။ COVID-19 ပျံ့နှံ့မှုကို ကာကွယ်တားဆီးရန် ကမ္ဘာ့နိုင်ငံအသီးသီး၌ Lockdown ချမှတ်သောထားကြောင့် ကနဦးအနေဖြင့် ကမ္ဘာကြီး ပိုမိုသန့်ရှင်းလာကြောင်း လူမှုမီဒီယာပေါ်က ဓာတ်ပုံများက သက်သေပြလျက်ရှိသည်။

ဥရောပနိုင်ငံများသို့ မလိုအပ်သော ခရီးသွားလာမှုများကို တားမြစ်လိုက်ကြပြီး တရုတ်နည်းတူ သေဆုံးမှုအများဆုံးဖြစ်နေသည့် အီတလီနိုင်ငံ၌လည်း မလိုအပ်သည့် စီးပွားရေးလုပ်ငန်းများကို ပိတ်ထားပြီးဖြစ်သည်။

ကမ္ဘာလှည့်ခရီးသည်များ ၊ အပျော်စီးလှေ၊ သင်္ဘောများဖြင့် စည်ကားနေခဲ့သည့် ဗင်းနစ်မြို့က တူးမြောင်းများသည် လူသူကင်းမဲ့လုနီးပါးဖြစ်နေသည်။

မြို့ပြများ၌တွေ့ရခဲသော ငန်းများက ကြည်လင်သန့်စင်နေသော ဗင်းနစ်တူးမြောင်းအတွင်း ကူးခတ်ပျော်မြူးနေသည့် ဓာတ်ပုံနှင့်ဗီဒီယိုများလည်း လူမှုမီဒီယာပေါ်၌  ဝေမျှထားကြသည်။

“တူးမြောင်းထဲမှာ ရေယာဉ်အသွားအလာတွေနည်းလာတော့ နုန်းတွေအနည်ထိုင်သွားလို့ ရေတွေက ပိုသန့်ရှင်းလာတယ်၊ အသွားအလာအလာတွေ ကန့်သတ်လိုက်တဲ့နောက်ပိုင်း ရေယာဉ်တွေနည်းသွားပြီး လေထုညစ်ညမ်း မှုလည်း လျော့နည်းသွားတယ်” ဟု ဗင်းနစ်မြို့တော်ဝန်ရုံးမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောသည်။

တစ်မြို့လုံး အသွားအလာပိတ်ပင်ပြီးကတည်းက အီတလီနိုင်ငံသားများသည် အပြုသဘောဆောင်သောအကြောင်းအရာများ ရေးသားဝေမျှရန် လူမှုမီဒီယာဘက် အာရုံစိုက်လာကြခြင်းဖြစ်သည်။

အီတလီသည် မတ်လ ၂၀ ရက်အထိ COVID-19 ကြောင့် သေဆုံးသူ ၃၄၀၀ ကျော်သွားပြီဖြစ်ကာ ၄၀၀၀၀ ကျော် ကူးစက်ခံထားရသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly