COVID-19 ကြောင့်စီးပွားရေးထိခိုက်အများဆုံးကြုံရသည့်လုပ်ငန်းများကို ကနဦးရန်ပုံငွေ ကျပ် ၁၀၀ ဘီလီယံမှထုတ်ချေးမည်

COVID-19 ကြောင့်စီးပွားရေးထိခိုက်အများဆုံးကြုံရသည့်လုပ်ငန်းများကို ကနဦးရန်ပုံငွေ ကျပ် ၁၀၀ ဘီလီယံမှထုတ်ချေးမည်

ရန်ကုန်၊ မတ် ၁၉။             ။ ကမ္ဘာ့ကူးစက်မြန်ရောဂါ COVID-19 ကြောင့်စီးပွားရေးထိခိုက်မှုအများဆုံးကြုံရသည့် လုပ်ငန်းများကို ကနဦးမတည်ငွေ မြန်မာကျပ်ငွေ ၁၀၀ ဘီလီယံမှ ထုတ်ချေးမည်ဟုစီမံကိန်း၊ ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာနမှပြောသည်။

အဆိုပါလုပ်ငန်းများထဲတွင် မြန်မာနိုင်ငံသားပိုင်လုပ်ငန်းများဖြစ်သော ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်းများအပါအဝင် အထည်ချုပ် လုပ်ငန်းနှင့် အသေးစား၊ အလတ်စားလုပ်ငန်းများပါဝင်မည်ဖြစ်သည်။

စီမံကိန်း၊ ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် ဦးဝင်းထိုက်က“ COVID ကြောင့်ထိခိုက်သွားတဲ့လုပ်ငန်းတွေကတော့ဦးစားပေး‌ပေါ့။ အသေးစိတ်ကတော့ မထွက်သေးဘူးဗျ။ သက်ဆိုင်ရာဌာနတွေနဲ့ ဆွေးနွေးပြီးရင်ကြေငြာပါလိမ့်မယ်” ဟု ပြောသည်။

သို့သော်လည်း မည်သည့်အချိန်မှစ၍ စတင်ထုတ်ချေးသွားမည်၊ မည်သည့်ပမာဏအထိချေးယူနိုင်မည်နှင့် မည်ကဲ့သို့ချေးငွေကို‌ လျှောကျယူနိုင်မည်တို့ကိုတော့ မသိရသေးကြောင်း၎င်းကဆိုသည်။

ပြည်ထောင်စုအစိုးရ၏ ခွင့်ပြုချက်ဖြင့် နိုင်ငံ‌တော်လှည့်ပတ်ရန်ပုံငွေ (Revolving Fund) မှ ကျပ် ၅၀ ဘီလီယံနှင့်လူမှုဖူလုံရေးရန်ပုံငွေမှ ကျပ် ၅၀ ဘီလီယံ၊ စုစုပေါင်း ကျပ်၁၀၀ ဘီလီယံကို ကနဦးမတည်ငွေအဖြစ် မြန်မာ့စီး ပွားရေးဘဏ်တွင် COVID 19 Fund အဖြစ် ထူ‌ထောင်ထားမည် ဖြစ်သည်။

၂၀၂၀ ပြည့်နှစ် မတ်လ ၁၈ ရက်နေ့ နေပြည်တော်တွင်ကျင်းပခဲ့သည့် “COVID 19 ကြောင့် ဖြစ်ပေါ်လာနိုင်တဲ့စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေးကော်မတီ” ၏အစည်းအဝေးအပြီး ထိုသို့ကြေညာ ဆုံးဖြတ်ခဲ့ ခြင်းဖြစ်သည်။

ကြေညာချက်တွင် အဆိုပါချေးငွေကို အတိုးနှုန်း တစ် ရာခိုင်နှုန်း၊ချေးငွေကာလ တစ် နှစ်သတ်မှတ်ပြီး ထုတ်ချေးသွားမည်ဖြစ်ကာစီးပွားရေးထိခိုက်မှုအပေါ်မူတည်၍ အတိုးနှုန်းနှင့် ချေးငွေကာလကို လိုအပ်သလို ပြန်လည် သုံးသပ်သွားမည်ဖြစ်ကြောင်းလည်းပါရှိသည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွင်း သုံးလတစ်ကြိမ်ပေးဆောင်ရမည့် ဝင်ငွေခွန်နှင့် လစဉ်ပေးဆောင်ရမည့် ဝင်ငွေလုပ်ငန်းခွန်များကိုလည်း ပေးဆောင်ရန်မလိုအပ်တော့ဘဲ လာမည့်စက်တင်ဘာလမှသာ ပြန်လည်ပေး ဆောင် ရတော့မည်ဖြစ်သည်။

ထို့ပြင် ပြည်ထောင်စုအစိုးရအဖွဲ့၏ ခွင့်ပြုချက်ဖြင့် ပို့ကုန်လုပ်ငန်းများမှ ကြိုတင်ကောက်ခံသည့် ဝင်ငွေဝင်ခွန် နှစ်ရာခိုင်နှုန်းကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ကုန်အထိကင်းလွတ်ခွင့်ပေးမည်ဖြစ်ကြောင်း စီမံကိန်း၊ ဘဏ္ဍာရေး နှင့်စက်မှုဝန်ကြီးဌာနက ကြေညာထုတ်ပြန်ခဲ့သည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly