ဈေးများတွင်Covid-19ဗိုင်းရပ်စ်ကြိုတင်ကာကွယ်ရေးဆောင်ရွက်နေ၊ ဈေးများလုံးဝပိတ်ရန်မရှိဟု ရန်ကုန်စည်ပင်ဆို

ဈေးများတွင်Covid-19ဗိုင်းရပ်စ်ကြိုတင်ကာကွယ်ရေးဆောင်ရွက်နေ၊ ဈေးများလုံးဝပိတ်ရန်မရှိဟု ရန်ကုန်စည်ပင်ဆို
ဓာတ်ပုံ - MOI

ရန်ကုန်၊ မတ် ၁၉။             ။ ရန်ကုန်မြို့ရှိဈေးကြီးများတွင် COVID-19 ဗိုင်းရပ်စ်ကြိုတင်ကာကွယ်ရေးအတွက် ပညာပေးခြင်းများလုပ်ဆောင်နေသော်လည်း ဈေးများကိုပိတ်ရန် အကြောင်း လုံးဝမရှိကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ တွဲဖက်အတွင်းရေးမှူး ဦးသန်းကမဇ္ဈိမသို့ပြောသည်။

“ ဈေးတွေပိတ်စရာအကြောင်းမရှိပါဘူး။ ဈေးတွေမပိတ်ပါဘူး။ ဈေးတိုင်းတော့မဟုတ်သေးဘူးပေါ့ ကိုရိုနာဗိုင်းရပ်စ်ကြိုတင် ကာကွယ် ရေးအတွက် လက်ဆေးပြီးသွားကြဖို့အပါအဝင် နည်းပညာပေး၊ ပညာပေး ဗီနိုင်းတွေတော့ကပ်ထားပါတယ်” ဟု၎င်းကဆိုသည်။

ရန်ကုန်မြို့ရှိဈေးကြီးတချို့ကို COVID-19 ကြောင့်ပိတ်တော့မည်ဟူ၍ မတ်လ ၁၈ ရက်နေ့ ညနေပိုင်းမှစတင်ကာ ရင်းမြစ်မသိရဘဲ ကောလဟာလများပေါ်ထွက်လာခဲ့ခြင်းဖြစ်သည်။

အဆိုပါကောလဟာလများထဲတွင် ဈေးတချို့ကို ပိုးသတ်ဆေးဖြန်းကာ နှစ် ရက်ပိတ်မည်ဟူသောအချက်လည်းပါဝင်နေသည်။

ဦးသန်းက “ လောလောဆယ်က သား/ ငါးဈေးတို့ ဘာတို့ ပိုးသတ်ဆေးဖြန်းတာမဟုတ်ဘူးရေဆေးတာပါ။ မကြာခဏ ဆေးပေးနေတာပေါ့။ ကြိုတင်ကာကွယ်တာကတော့လုပ်ရမှာပေါ့” ဟုဆိုသည်။

မြို့တော်ခန်းမရှိ ဧည့်ဝင်ပေါက်တွေအပြင် ဈေးများ၊ ရှော့ပင်းစင်တာကြီးများတွင်ပါ တတ်နိုင်သမျှ လက်ဆေးရန်ဘေစင်များချပေးရေးကိုလည်း ညွှန်ကြားချက်ထွက်ထားကြောင်းလည်း ၎င်းကဆိုသည်။

ထို့အပြင် ရန်ကုန်မြို့တွင် ဈေးပေါင်း ၂၀၀ နီးပါးရှိနေသည့်အတွက် ဈေးတိုင်းတွင် အပူချိန်တိုင်းကိရိယာကိုဖြန့်ဝေရန်မှာ လတ်တလောမဖြစ်နိုင်သေးဘဲ ကြိုးပမ်းဆောင်ရွက်နေကြောင်းဆိုသည်။

ထို့ကြောင့် ဈေးကြီးများ၏ဝင်ပေါက်တွင် အပူချိန်တိုင်းကိရိယာများထားရှိကာ COVID-19  ကြိုတင်ကာကွယ်ရေးအတွက် ဆောင်ရွက်နေသည်ဟုသိရသည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ကလည်း ၎င်း၏မိန့်ခွန်းထဲတွင် ပြည်သူများအနေဖြင့် ကောလဟာလများနှင့် သတင်းမှားများကိုမယုံကြည်ကြဖို့ ထည့်သွင်းပြောဆိုခဲ့သေးသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly