နိုင်ငံတွင်းပြန်ဝင်ရောက်လာသူများမှာ ကိုရိုနာကူးစက်ခံရမှု ပိုမိုတွေ့ရှိဟု တရုတ်ဆို

နိုင်ငံတွင်းပြန်ဝင်ရောက်လာသူများမှာ ကိုရိုနာကူးစက်ခံရမှု ပိုမိုတွေ့ရှိဟု တရုတ်ဆို

ဘေကျင်း၊မတ် ၁၉။              ။ တရုတ်နိုင်ငံမှာ မတ်လ ၁၈ ရက်နေ့က ကိုရိုနာကူးစက်ခံရသူများအနက် ပြည်တွင်း၌နေပြီး ကူးစက်ခံရသူ တစ်ဦးသာရှိခဲ့ပြီး ကူးစက်ခံရသူဒါဇင်ကျော်ခန့်ဟာ နိုင်ငံတွင်းပြန်ဝင်ရောက်လာသူ တွေဖြစ်တယ်လို့ အမျိုးသားကျန်းမာရေးကော်မရှင်က ပြောပါတယ်။

ဝူဟန်မှာလည်း နှစ်ရက်ဆက်တိုက် ဗိုင်းရပ်စ်ကူးစက်မှု တစ်ဦးစီသာရှိတယ်လို့ ဆိုပါတယ်။ ဟူပေပြည်နယ်ဝန်းကျင်မှာ ဖေဖော်ဝါရီအစောပိုင်းက တစ်ရက်ကို လူထောင်ပေါင်းများစွာကူးစက်ခံခဲ့ရပေမယ့် ပြီးခဲ့တဲ့ (၇) ရက် အတွင်းမှာ ကူးစက်ခံရသူ ခုဂဏန်းသာရှိခဲ့တာကြောင့် များစွာ လျော့ကျသွားခဲ့တာပါ။

အခု ရက်ပိုင်းအတွင်း ဟူပေပြည်နယ်အတွင်းရှိ အချို့မြို့တွေမှာ အသွားအလာကန့်သတ်မှုတွေကို လျှော့ချပေးခဲ့ပြီး ဗိုင်းရပ်စ်ပျံ့နှံ့မှုကို အခြေခံအားဖြင့် ထိန်းချုပ်နိုင်ခဲ့ပြီလို့ အစိုးရကပြောပါတယ်။

မြို့အများအပြားမှာလည်း ကျန်းမာရေးကောင်းတဲ့သူတွေကို အလုပ်ပြန်ဆင်းခွင့်နဲ့ မွေးရပ်မြေပြန်ခွင့်တွေ ပေးနေပါပြီ။

နေ့စဉ် တရုတ်နိုင်ငံသို့ ဝင်ရောက်သူ ပျမ်းမျှ ၂၀၀၀၀ ခန့်ရှိပြီး ပြည်နယ် ၁၀ ခုနဲ့ မြို့ကြီးတွေမှာတော့ ပြည်ပမှဝင်ရောက်လာသူတွေကို မဖြစ်မနေ စောင့်ကြည့်စစ်ဆေးမှုတွေ လုပ်လျက်ရှိပါတယ်။

ဗုဒ္ဓဟူးနေ့က နိုင်ငံတွင်းဝင်ရောက်လာသူ အနည်းဆုံး ၁၂ ဦးမှာ Covid-19 ကူးစက်ခံထားရတာကိုတွေ့ရှိရပြီး ထိုသို့ကူးစက်ခံရသူ စုစုပေါင်း ၁၅၅ ဦးရှိပြီဖြစ်တာကြောင့် တရုတ်တို့က စိုးရိမ်နေကြပါတယ်။

နိုင်ငံတကာမှပြန်လည်ဝင်ရောက်လာသူအားလုံးကို မြို့တော်ဘေကျင်းရှိ သတ်မှတ်ထားတဲ့ဟိုတယ်တွေမှာ ၁၄ ရက် စောင့်ကြည့်သွားမှာဖြစ်ပါတယ်။

တရုတ်နိုင်ငံမှာ မတ်လ ၁၈ ရက်က Covid-19 ကြောင့် သေဆုံးသူ ၁၁ ဦးရှိခဲ့ပြီး စုစုပေါင်း ၃၂၃၇ ဦးထိ ရှိလာခဲ့ကာ ကူးစက်ခံရသူပေါင်း ၈၀၈၉၄ ရှိပြီပါတယ်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly