ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ထိန်းချုပ် ဗဟိုကော်မတီသို့ ကိုယ်စားလှယ်များ၏ တစ်နေ့တာ နေ့တွက်စရိတ်လှူဒါန်း

ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ထိန်းချုပ် ဗဟိုကော်မတီသို့ ကိုယ်စားလှယ်များ၏ တစ်နေ့တာ နေ့တွက်စရိတ်လှူဒါန်း

နေပြည်တော်၊ မတ်လ ၁၉။               ။ တရုတ်နိုင်ငံ ဝူဟန်မြို့မှ စတင်ဖြစ်ပွားခဲ့သည့် အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါ Covid (19) ကာကွယ်ထိန်းချုပ် ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီသို့ ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ်များ၏ တစ်နေ့တာ နေ့တွက်စရိတ် ၁၂၈သိန်း ၈ သောင်းကို လှူဒါန်းခဲ့ကြောင်း ပြည်ထောင်စု လွှတ်တော်နာယက ဦးတီခွန်မြတ်က အသိပေးပြောကြားခဲ့သည်။

မတ်လ ၁၉ ရက်နေ့ နံနက်ပိုင်းက အစည်းအဝေးမစတင်မီ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဦးဆောင်ဖွဲ့စည်းထားသည့် အဆိုပါ ဗဟိုကော်မတီသို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ၄၂၉ ဦး၏ နေ့တွက်စရိတ် ၈၅ သိန်း ၈သောင်းနှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ၂၁၅ဦး၏ နေ့တွက်စရိတ် ၄၃ သိန်းကို ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌနှင့် သက်ဆိုင်ရာအစုအဖွဲ့ကိုယ်စားလှယ်များမှ လှူဒါန်းခဲ့ကြောင်း နာယက က အသိပေးပြောကြားခဲ့သည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကလည်း Covid -19 ကာကွယ်ကုသ ထိန်းချုပ်ရေးဆိုင်ရာ ရန်ပုံငွေတစ်ရပ်ထူထောင်သွားမည်ဖြစ်သည့်အတွက် စေတနာရှင်ပြည်သူများအနေနှင့် တတ်နိုင်သမျှ ထည့် ဝင်လှူဒါန်းကြရန် ပြီးခဲ့သည့် မတ်လ ၁၆ ရက်နေ့က အသိပေးပြောကြားထားသည်။

မတ်လ ၁၈ ရက်နေ့ ညပိုင်း ၈နာရီ၁၅မိနစ်အချိန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ကမ္ဘာပေါ်တွင် ရောဂါဖြစ်ပွားနေသည့် နိုင်ငံ ၁၅၉နိုင်ငံ၊ ကမ္ဘာ့နိုင်ငံများတွင် ဓာတ်ခွဲအတည်ပြုလူနာ၁၇၉.၁၁၂ဦး၊ ကမ္ဘာ့နိုင်ငံများတွင် သေဆုံးသူ ၇၄၂၆ ဦး ရှိပြီဖြစ်ကြောင်းသိရသည်။

မြန်မာနိုင်ငံတွင် အဆိုပါရောဂါ စောင့်ကြည့်လူနာ၁၅၇ဦးရှိပြီး ရောဂါပိုးမတွေ့ရှိသူ၁၅၁ဦး၊ ဓာတ်ခွဲနမူနာ ရယူရန် ဆောင်ရွက်ဆဲ၊ ပေးပို့ဆဲ ၆ဦးရှိကြောင်းသိရသည်။

ကိုဗစ်စောင့်ကြည့်လူနာမှ ပြန်လည်သက်သာပျောက်ကင်းသူ ၁၀၁ဦးနှင့် ရောဂါပိုးမတွေ့ရှိရသော်လည်း အခြားရောဂါဖြင့် သေဆုံသူးသူ ခုနစ်ဦးရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ အဆိုပါ ထုတ်ပြန် ချက်အရ သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly