ဂျပန် တုပ်ကွေးပျောက်ဆေးတစ်မျိုးက ကိုရိုနာဗိုင်းရပ်စ် ကုသရာ၌ အမှန်တကယ် ထိရောက်မှုရှိဟု ဆို

ဂျပန် တုပ်ကွေးပျောက်ဆေးတစ်မျိုးက ကိုရိုနာဗိုင်းရပ်စ် ကုသရာ၌ အမှန်တကယ် ထိရောက်မှုရှိဟု ဆို

မတ်လ ၁၈။             ။ ဂျပန်နိုင်ငံတွင် တုပ်ကွေးရောဂါ ကုသရာ၌ အသုံးပြုနေသော ဆေးဝါးတစ်မျိုးသည် ကိုရိုနာဗိုင်းရပ်စ် လူနာများ၌ ကုသရာတွင် ထိရောက်မှု ရှိပုံရသည်ဟု တရုတ်နိုင်ငံမှ ကျန်းမာရေးအာဏာပိုင်များက ပြောကြောင်း ဂျပန်မီဒီယာများတွင် မတ် ၁၈ ရက်က ဖော်ပြသည်။

Fujifilm ၏ လက်ခွဲကုမ္ပဏီတစ်ရပ်က ထုတ်လုပ်သော favipiravir တုပ်ကွေးပျောက်ဆေးသည် တရုတ်က ဝူဟန်နှင့် ရှန်ကျန့်မြို့တို့၌ ကိုရိုနာလူနာ ၃၄၀ ပါဝင်သည့် ကုသမှုများတွင် အားတက်စဖွယ် ရလဒ်များ ထွက်ပေါ်ခဲ့ သည်ဟု တရုတ် သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာနမှ တာဝန်ရှိသူ ကျန်ရှင်မင်းက ပြောသည်။

“ဒီ‌ ဆေးက အပြည့်အဝ ဘေးကင်းပြီး ကုသရာမှာလည်း အမှန်တကယ် ထိရောက်မှု ရှိတယ်။”ဟု ကျန်ရှင်မင်းက သတင်းထောက်များအား မတ် ၁၇ ရက်က ပြောသည်။

ရှန်ကျန့်မြို့တွင် ယင်းဆေးဝါးဖြင့် ကုသသော လူနာများတွင် ကိုရိုနာဗိုင်းရပ်စ် ရှိကြောင်း စမ်းသပ်တွေ့ပြီး ပျမ်းမျှ လေးရက်မြောက်၌ ဗိုင်းရပ်စ် ကင်းစင်ခဲ့ကြောင်း တွေ့ရပြီး နှိုင်းယှဉ်လျှင် ယင်း ဆေးဖြင့် မကုသသော လူနာ များတွင်မှု ပျမ်းမျှ ၁၁ ရက် လွန်မြောက်မှ ပိုးကင်းသည်ကို တွေ့ရှိကြောင်း NHK ရုပ်သံက ဖော်ပြသည်။

ထိုပြင် X-rays ရိုက်ကာ စစ်ဆေးချက်အရလည်း favipiravir ဆေးဖြင့် ကုသသော လူနာများ၏ ၉၁ ရာခိုင်နှုန်းသည် အဆုတ်အခြေအနေ ကောင်းမွန်ပြီး နှိုင်းယှဉ်ပါက ယင်းဆေးဖြင့် မကုသသူများ၏ ၆၂ ရာခိုင်နှုန်းသာ အဆုတ်ပိုင်းဆိုင်ရာ ကောင်းမွန်သည်ကို တွေ့ရသည်။

Avigan ဟု ခေါ်သော ယင်းဆေးကို ၂၀၁၄ ခုနှစ်က ထုတ်လုပ်သည့် Fujifilm Toyama Chemical ကုမ္ပဏီက ယခု အတည်ပြုချက်များနှင့် ပတ်သက်ပြီး မှတ်ချက်ပေးရန် ငြင်းဆိုသည်။

ကျန်ရှင်မင်း၏ မှတ်ချက်စကားများ နောက်ပိုင်း ယင်းကုမ္ပဏီ၏ ရှယ်ယာဈေးများ မတ် ၁၈ ရက်တွင် ထိုးတက်သွားပြီး နံနက်ပိုင်း ရှယ်ယာဈေးကွက်အပိတ်တွင် ၁၄ ဒသမ ၇ ရာခိုင်နှုန်း တက်ကာ ၅၂၀၇ ယန်းအထိ ရှိခဲ့ရာ ကုမ္ပဏီ၏ တစ်နေ့တာ ရှယ်ယာအမြင့်ဈေး ၅၂၃၈ ယန်းနားထိ ရောက်ခဲ့သည်။

ဂျပန်နိုင်ငံက ဆရာဝန်များသည်လည်း ယင်းဆေးအား ရောဂါလက္ခဏာ အတော်အသင့်သာ ပြသော ကိုရိုနာလူနာများတွင် ဗိုင်းရပ်စ် ထပ်မပွားအောင် တားဆီးနိုင်လိမ့်မည် မျှော်လင့်ချက်ဖြင့် သုံးစွဲကုသလျက် ရှိသည်။

သို့သော် ဂျပန်ကျန်းမာရေးဝန်ကြီးဌာန သတင်းရင်းမြစ်တစ်ရပ်က ယင်းဆေးသည် ရောဂါလက္ခဏာ ပြင်းထန်သူများတွင် ထိရောက်လိမ့်မည် မဟုတ်ဟု ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly