မြိတ်ပြည်သူ့ဆေးရုံကြီးတွင် တရုတ်နိုင်ငံသား ၁၂ ဦးအား ကိုရိုနာ ဗိုင်းရပ် ရှိ/ မရှိ ခေါ်ယူ စစ်ဆေး

မြိတ်ပြည်သူ့ဆေးရုံကြီးတွင် တရုတ်နိုင်ငံသား ၁၂ ဦးအား ကိုရိုနာ ဗိုင်းရပ် ရှိ/ မရှိ ခေါ်ယူ စစ်ဆေး
ဓာတ်ပုံ - ဒီမိုးသွေး (မြိတ်)

မြိတ်၊ မတ် ၁၈။               ။ မြိတ်မြို့သို့ မတ်လ ၁၇ ရက်နေ့က တရုတ်နိုင်ငံသား ၁၂ ဦး ဝင်ရောက် လာမှုကို ပြည်သူများ စိုးရိမ် ထိန့်လန့်ကာသတင်းပေးမှု ဖြစ်ပွားကာ ကိုရိုနာ ဗိုင်းရပ်ပိုး ကူးစက်ခံ ထားရမှု ရှိ/မရှိ သက်ဆိုင်ရာမှ ခေါ်ယူကာ  စစ်ဆေးခဲ့ရကြောင်း သိရ သည်။

မြိတ်မြို့ ပြည်သူ့ဆေးရုံကြီးမှ ဆေးရုံအုပ် ဒေါက်တာ သန္တာမျိုးဝင်းက “အဓိကတော့ ဒီ တရုတ်နိုင်ငံသား ခြောက်ဦးက အဝေးပြေး ယာဉ်လိုင်းနဲ့ မြိတ်ကို လာတယ်၊ နောက်ပြီး ကျန်းမာရေး စစ်ဆေးခြင်း မရှိပဲ မြို့ထဲကို ကားတစ်စီး ငှားပြီး ဝင်လာတာကို ပြည်သူတွေက စိုးရိမ် ထိန့်လန့်ပြီး၊ သတင်းပေး လာတယ်၊ ဒီအတွက်ကြောင့် ခေါ်ယူ စစ်ဆေးခဲ့တာ ဖြစ်တယ်”လို့ ပြောကြား သည်။

အဆိုပါ တရုတ်နိုင်ငံသား ၁၂ ဦးမှာ မတ်လ ၁၇ ရက်နေ့မှာ တစ်ရက်တည်းဖြင့် လေကြောင်းလိုင်းမှ ခြောက်ဦး ၊အဝေးပြေး ယာဉ်လိုင်းမှ ခြောက် ဦး စုစုပေါင်း ၁၂ ဦး သည် မြိတ်မြို့ကို ရောက်ရှိ လာခြင်း ဖြစ်သည်။

ဓာတ်ပုံ - ဒီမိုးသွေး (မြိတ်)

ဒေါက်တာ သန္တာမျိုးဝင်းက“မနေ့က ဝင်ရောက် လာတဲ့ တရုတ်နိုင်ငံသား ၁၂ ဦးကို သက်ဆိုင်ရာမှ အဖွဲ့စုံနဲ့ ခေါ်ယူပြီး ဆေးရုံကြီးမှာ ကိုရိုနာ ဗိုင်းရပ်ပိုး ရှိ/ မရှိ ခေါ်ယူ စစ်ဆေးခဲ့ပါတယ်၊ စစ်ဆေးတဲ့ အခါမှာ အသက်ရှူလမ်းကြောင်းနဲ့ ဆိုင်တဲ့ ရောဂါ မရှိဘူး ဆိုတာ တွေ့ရပါတယ်”ဟု ပြောဆို သည်။

ကိုရိုနာ ဗိုင်းရပ်ပိုးနဲ့ ပတ်သက်ပြီး၊ မြိတ်မြို့မှာ နိုင်ငံခြားသားများ အများဆုံး အဝင်အ ထွက်များ သည့် မြိတ်လေဆိပ်မှာသာ စစ်ဆေး နေပြီး၊ မနေ့က ဖြစ်စဉ်မှာတော့ အထက်ပါ တရုတ်နိုင်ငံသား ၁၂ ဦး အနက် ခြောက် ဦးမှာ တရုတ်နိုင်ငံမှ ဝင်ရောက်လာသူများ ဖြစ်ပြီး၊ ရန်ကုန်မှ တဆင့် အဝေးပြေး ယာဉ်လိုင်းနဲ့ မြိတ်မြို့ကို ရောက်ရှိခြင်း ဖြစ်ကြောင်း သိရ သည်။

၎င်းတရုတ်နိုင်ငံသား ၁၂ ဦးမှာ မြိတ်မြို့ရှိ SEA VIEW CONDO ဆောက်လုပ်ရေးမှ ဆောက်လုပ်ရေး အလုပ်သမားများ ဖြစ်ကြောင်း သိရ သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly