ကျိုင်းတုံဆေးရုံတွင် COVID 19 စောင့်ကြည့်လူနာတစ်ဦး သေဆုံး

မတ် ၁၈ ရက်။               ။ ကျိုင်းတုံဆေးရုံတွင် COVID 19 စောင့်ကြည်လူနာအဖြစ်တက်ရောက်ကုသနေသည် လူနာတစ်ဦး  မတ်  ၁၇ ရက် ညပိုင်းက သေဆုံးသွားကြောင်း ပြည်နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဦးမြင့်ကျော်က မိဇ္စျိမသို့ ပြောသည်။

၎င်းသေဆုံးခဲ့သည့် အသက်  ၃၀ အရွယ်ရှိ  COVID 19 စောင့်ကြည်လူနာ အမျိုးသားသည် ပန်းနာရင်ကျပ် ရောဂါနှင့်နှလုံးရောဂါ ခံစားနေရသူ ဖြစ်ပြီး ကျိုင်းတုံပြည်သူ့ဆေးရုံကြီးတွင် မတ်လ ၁၄ ရက်က တက်ရောက် ကုသနေခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“သေဆုံးသွားတာဟုတ်ပါတယ်။ သူက အမှန်ကတော့ ပိုပြီးစိတ်ချယုံကြည်ရအောင်လို့ စစ်လိုက်တာပါ။ သူက အရင်ကတည်းက ရင်ကျပ်၊ ပန်းနာနဲဆေးလိပ်သောက်တဲ့ လူနာတစ်ယောက်ပါ။ ရင်ကျပ်၊ပန်းနာက သက်သာ သွားလိုက်၊ ပြန်ဖြစ်လိုက်နဲ့ ပြနေတဲ့လူနာပါခင်ဗျ။ သူက နိုင်ငံခြားကိုလည်း သွားတာလည်းမရှိဘူး။ ရပ်ရွာမှာဘဲ နေတာပါ” ဟု ပြည်နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဦးမြင့်ကျော်က မဇ္စျိမသို့ပြောသည်။

သံသယလူနာ၏သေဆုံးချိန် ဆေးရုံမှတ်တမ်းများအရ အဆုတ်ယောင်ရောဂါ၊ နှလုံးအားနည်းခြင်း၊ သွေးထဲတွင် ပိုတယ်ဆီယမ်ဓာတ်နည်းသွားသည့်အတွက် သေဆုံးခြင်းဖြစ်ကြောင်း ဖော်ပြထားကြောင်း သိရသည်။

လက်ရှိတွင် သေဆုံးသွားသူ၏ နှခေါင်းတို့ဖတ်နာမူနာနှင့် အာခေါင်တို့ဖတ်နာမူနာများကို  WHO ၏ ဂိုက်လိုင်း အတိုင်းရယူထားပြီး ရန်ကုန်တိုင်းဒေသကြီးရှိ အမျိုးသားဓာတ်ခွဲခန်းကို ပို့ဆောင်စစ်ဆေးရန် စီစဉ်နေကြောင်း လည်း သိရသည်။

ကမ္ဘာ့နိုင်ငံများတွင် COVID 19 ရောဂါကူးစက်နေသည့် နိုင်ငံ ၁၅၉နိုင်ငံအထိရှိနေပြီး သေဆုံးသူ ၇၅၂၉ဦး၊ ရောဂါအတည်ပြုလူနာ ၁၈၄၉၇၆ဦးရှိကြောင်း မတ် ၁၈ ရက်အထိ ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) ၏ ထုတ်ပြန် ချက်အရ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly