မြန်မာရောက် ဗြိတိန်နိုင်ငံသားများအားလုံး ဖြစ်နိုင်ပါက မြန်မာနိုင်ငံမှ ပြန်လည်ထွက်ခွာရန် ဗြိတိန်တိုက်တွန်း

မြန်မာရောက် ဗြိတိန်နိုင်ငံသားများအားလုံး ဖြစ်နိုင်ပါက မြန်မာနိုင်ငံမှ ပြန်လည်ထွက်ခွာရန် ဗြိတိန်တိုက်တွန်း
Photo  - AFP

မတ်လ ၁၈။                 ။ မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံရုံး အနေနဲ့ ကမ္ဘာတစ်ဝှမ်းတွင် ကူးစက်ပျံ့နှံ့ဖြစ်ပွားလျက်ရှိတဲ့ ကိုရိုနာဗိုင်းရပ်စ် အပေါ် မြန်မာနိုင်ငံတွင် ဆေးဘက်ဆိုင်ရာ နှင့် ကျန်းမာရေးအဆောက်အဦးများ ကို သိသိ သာသာ ဖိအားပေးလိမ့်မည်ဟု မျှော်လင့်ရပြီး ကျန်းမာရေးပုံမှန်စောင့်ရှောက်မှု ပေးနိုင်မည် မဟုတ်သည့်အတွက်  ပြည်တွင်းတွင် ရောက်ရှိနေသည့် ဗြိတိန်နိုင်ငံသားများ အနေဖြင့် ပြန်လည်ထွက်ခွာရန် တိုက်တွန်းကြောင်း ၂၀၂၀ ခုနှစ် မတ်လ ၁၈ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ချက် ကြေညာခဲ့သည်။

ဒါ့အပြင် မြန်မာနိုင်ငံတွင် လေကြောင်းလိုင်းများကို ကြိုတင်အကြောင်းကြားခြင်း မရှိဘဲ ဖျက်သိမ်းလာနိုင်သည့်အတွက် ခရီးသွားအကြံဉာဏ် အပြည့်အစုံကို https://www.gov.uk/foreign-travel-advice/myanmar တွင် ဖတ်ရှုလေ့လာရန် အကြံပြုထားသည်။

အဆိုပါ ခရီးသွား အကြံပေးမှုတွင် မတ်လ ၁၅ ရက်နေ့မှ စတင်ပြီး မြန်မာအစိုးရဘက်မှ ကန့်သတ်ချက်အသစ်များ ချမှတ်ထားခဲ့ပြီး အီတလီ၊ အီရန်၊ ပြင်သစ်၊ စပိန်နှင့် ဂျာမနီ တို့ကို မကြာသေးခင်က သွားရောက်ထားခဲ့သည့် ခရီးသွားများအနေဖြင့် ၎င်းတို့၏ မိခင်နိုင်ငံမှ တရားဝင်အသိအမှတ်ပြုထားသော ဆေးဘက်ဆိုင်ရာ ဌာနတစ်ခုမှ ထုတ်ပေးသည့် ခိုင်မာသော ဆေးဘက်ဆိုင်ရာ အထောက်အထားလက်မှတ်တစ်ခု ရှိထားပြီးမှ လေယာဉ် ခရီးစဉ်တွင်လိုက်ပါခွင့်ရမည်ဖြစ်ကြောင်း သိရသည်။ ၎င်းတို့ ဆိုက်ရောက်ချိန်တွင်လည်း ၁၄ ရက်ကြာ သီးခြားခွဲကာ စောင့်ကြည့်ခံရဦးမည်ဖြစ်သည်။ ပြီးခဲ့သည့် ၁၄ ရက်အတွင်း တရုတ် (ဥပမာ ဟူပေပြည်နယ်) သို့မဟုတ် တောင်ကိုရီးယား (ဥပမာ ဒယ်ဂူ) သို့ သွားရောက်ထားခဲ့သည့် ခရီးသွားများအနေဖြင့်လည်း နိုင်ငံတွင်းသို့ ဝင်ခွင့်ပြုမည်မဟုတ်ပေ။ အခြားနိုင်ငံများမှ လာရောက်သော်လည်း အထက်ပါနိုင်ငံများ၏ နိုင်ငံကူးလက်မှတ်များ ကိုင်ဆောင်ထားသူများအတွက်လည်း ယခု ကန့်သတ်ချက်များက အကျုံးဝင်ကောင်း ဝင်နေနိုင်သည်။ ထို့ပြင် ကန့်သတ်ခံ နိုင်ငံများစာရင်းနှင့် ကန့်သတ်မှု အခြေအနေများသည် ကြိုတင်သတိပေးမှုမရှိဘဲ အပြောင်းအလဲ ဖြစ်နိုင်ကြောင်း ဖော်ပြထားသည်။

ဒါ့အပြင် ကမ္ဘာတဝန်း ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားမှုကလည်း မြန်မာနိုင်ငံ၏ ဆေးကုသမှုဆိုင်ရာ အဆောက်အအုံ ၊ အထောက်အပံ့ ပစ္စည်းပစ္စယပိုင်းအပေါ်တွင် သိသာထင်ရှားသော ဖိအားများ ကျရောက်လာဖွယ် ရှိနေသည်။ ၎င်းတို့အနေဖြင့် ပုံမှန်လုပ်ရိုးလုပ်စဉ် ကျန်းမာရေးစောင့်ရှောက်မှုကမ်းလှမ်းမှုတွင်ပင် လိုအပ်ချက်များနှင့် အခက်အခဲများ ရှိကောင်းရှိနိုင်သည်။

ထို့ပြင် ပွဲလမ်းသဘင်များနှင့် ရုပ်ရှင်ရုံများကိုလည်း မြန်မာအစိုးရက ယာယီပိတ်ထားသည်။

မြန်မာနိုင်ငံတွင် ဆက်ရှိနေမည့် ဗြိတိန်နိုင်ငံသားများအနေဖြင့် အောက်ပါ လေးနေရာ တို့ကို မဖြစ်မနေသွားရောက်ရမည့် အကြောင်းရင်းရှိမှသာ သွားရောက်ကြရန် ဗြိတိန်နိုင်ငံခြားရေးနှင့် ဓနသဟာယရုံး (FCO) က အကြံပြုလိုက်သည်။

  •  
  • (၁) ရခိုင်ပြည်နယ် (တောင်ပိုင်းမြို့များမှလွဲ၍)
  •  
  • (၂) ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့
  •  
  • (၃) ရှမ်း (မြောက်)
  • (၄) ကချင် ( မြစ်ကြီးနား၊ ဗန်မော်နှင့် ပူတာအိုမှ လွဲ၍)တို့ဖြစ်သည်။

တရုတ်နှင့် အခြားနိုင်ငံများတွင် ကိုဗစ်-၁၉ ဖြစ်ပွားမှု ဆက်ရှိနေသည်။ ခရီးသွားလာမှု ကန့်သတ်ချက်များလည်း ပြဌာန်းလာနိုင်သည်။ ယင်းကန့်သတ်ချက်တို့တွင် ဆိုက်ရောက်လာသူများကို ၁၄ ရက်ကြာ သီးခြားခွဲနေရမည့် လိုအပ်ချက်များ ပါလာနိုင်သည့်အတွက် ခရီးစဉ်မစီစဉ်မီ အဆိုပါ အချက်များကို ထည့်သွင်းစဉ်းစားသင့်ကြောင်း ဖော်ပြထားသည်။

တရုတ်၊ ထိုင်း၊ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ လာအို တို့နှင့် ထိစပ်နေသော နယ်စပ်များကိုလည်း အထူးဂရုပြု၍ နယ်စပ်ဒေသများတွင် လုံခြုံရေးအခြေအနေက တခါတရံ မတည်မငြိမ်ဖြစ်တတ်ကြောင်း သိရသည်။ ထို့ပြင် ရှမ်း မြောက်ပိုင်း၊ ကချင်၊ ချင်းတောင်ပိုင်း၊ ကရင်၊ ရခိုင်အလယ်ပိုင်းနှင့် မြောက်ပိုင်းတို့တွင်လည်း ပဋိပက္ခလက်နက်ကိုင်တိုက်ပွဲများကို အထူး သတိပြုသင့်ကြောင်း ပါဝင်သည်။

နိုင်ငံရေးတင်းမာမှုနှင့် မငြိမ်မသက်မှုများလည်း ဖြစ်နိုင်သည့် အတွက်ကြောင့် ဆန္ဒပြပွဲများ၊ လူစုဝေးပွဲများကို ရှောင်သင့်သည်။

ရန်ကုန်နှင့် မန္တလေး ကဲ့သို့ မြို့ပြများတွင်လည်း လေထုအရည်အသွေး နိမ့်ကျမှု ကြုံရနိုင်သည်။ Credit ကဒ်၊ debit ကဒ်များကလည်း အဓိက ခရီးသွားဧရိယာများတွင် အသုံးပြုလက်ခံထားသည် ဆိုသော်လည်း ကဒ်တစ် ချို့မှာ အသုံးပြု၍ မရဘဲဖြစ်နေနိုင်သည်။ ယင်းအတွက်ကြောင့် သင့်ကဒ် အသုံးပြုရမရ ကြိုတင်စစ်ဆေးသင့်ကြောင်း အကြံပြုထားသည်။

အကယ်၍ အရေးပေါ် အခြေအနေများတွင် အကူအညီလိုပါက ရဲ အတွက် 199 ၊ ဆေးဘက်အကူအညီအတွက် 192 ၊ မီးသတ်ဌာနအတွက် 191 ကို ခေါ်ဆိုနိုင်ကြောင်း အဆိုပါ ခရီးသွားအကြံပြုချက်တွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံသို့ ရောက်ရှိနေသည့် ဗြိတိန်နိုင်ငံသားများ အနေဖြင့် မြန်မာနိုင်ငံမှ ထွက်ခွာရန် မိမိတို့ကိုယ်ပိုင်အစီအစဉ်များဖြင့် ဆောင်ရွက်သင့်ပြီး သံရုံးအနေဖြင့် ထူးခြားသည့် အခြေအနေများတွင်သာ အကူအညီများပေး သွား ဖို့ စီစဉ်ထားရှိကြောင်း သိရသည်။

မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံရုံး ရှိ နိုင်ငံသား ဝန်ထမ်းများ နှင့် မိသားစုဝန်ထမ်းများကို လည်း ပြန်လည်ခေါ်ယူသွားရန်  စီစဉ်ထားပြီး သံရုံး၏ အရေးကြီး လုပ်ငန်းတာဝန်များဆက်လက် ဆောင်ရွက်ရန် လိုအပ်သော ဝန်ထမ်းများသာ ဆက်လက်ထားရှိသွားမည် ဖြစ်သည်။ မြန်မာနိုင်ငံရှိ ဗြိတိန်နိုင်ငံသားများ ဆက်သွယ်အကူအညီတောင်းခံနိုင်ရန် +95 (0) 1370863 သို့ ၂၄နာရီ ဆက်သွယ်စုံစမ်းနိုင်မည်ဖြစ်ကြောင်း သိရသည်။

 

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly