သေဆုံးသွားသော စောင့်ကြည့်လူနာတွင် ဓာတ်ခွဲအဖြေအရ COVID-19 ရောဂါမရှိဟုဆို

သေဆုံးသွားသော စောင့်ကြည့်လူနာတွင် ဓာတ်ခွဲအဖြေအရ COVID-19 ရောဂါမရှိဟုဆို
ပုံ- မန္တလေးကန်တော်နဒီဆေးရုံးကို COVID-19 စောင့်ကြည့် လူနာများထားတဲ့အတွက် ကန့်သတ် ဧရိယာအဖြစ် သတ်မှတ်ထား (ပုံ- GMN)

ရန်ကုန်၊ မတ် ၁၈။            ။ မန္တလေးမြို့၊ ကန်တော်နဒီဆေးရုံတွင် ကိုရိုနာဗိုင်းရပ်စ် (ခေါ်) COVID-19 ရောဂါ ရှိ/မရှိ စောင့်ကြည့်လူနာ အမျိုးသမီး တစ်ဦး မတ်လ ၁၇ ရက်က သေဆုံးသွားခဲ့ရာ ထိုသေဆုံးမှုနှင့်ပတ်သက်ပြီး ဓာတ်ခွဲစစ်ဆေးခဲ့ရာမှာ COVID-19 ရောဂါ မရှိ ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ မတ်လ ၁၈ ရက် မနက်အစောပိုင်းက ထုတ်ပြန်ခဲ့သည်။

သေဆုံးသွားသော အမျိုးသမီးတွင် မောပန်းခြင်း၊ အသက်ရှူကြပ်ခြင်း လက္ခဏာများ တွေ့ရသည့်အတွက် မန္တလေးမြို့၊ ကန်တော်နဒီဆေးရုံတွင် COVID-19 စောင့်ကြည့်လူနာအဖြစ် စောင့်ကြည့်ကုသနေပြီး ရောဂါ ရှိ/မရှိ ၎င်း၏ ဓာတ်ခွဲနမူ နားများကို ရန်ကုန်မြို့ရှိ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာနသို့ ပေးပို့ထားစဉ် မတ်လ ၁၇ ရက်နေ့ နံနက် ၇ နာရီခွဲ ၌ သေဆုံးသွားခြင်း ဖြစ်သည်။

ထိုအမျိုးသမီးသည် အသက် ၂၂ အရွယ်ရှိပြီး မန္တလေးတိုင်းဒေသကြီး၊ တံတားဦးမြို့နယ်တွင် နေထိုင်သူ ဖြစ်ကြောင်း သိရသည်။

ဓာတ်ခွဲစစ်ဆေးမှု အဖြေအရ COVID-19 ရောဂါ မရှိကြောင်းနှင့် သေဆုံးရသည့် အကြောင်းအရင်းမှာ လူနာ၏ ရောဂါ ရာဇဝင်နှင့် သွေးစစ်ချက် အဖြေများအရ သွေးဆိပ်တက်ခြင်း၏ နောက်ဆက်တွဲ ဆိုးကျိုးများ ဖြစ်နိုင်ကြောင်း ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

တိုင်းဒေသကြီး/ ပြည်နယ်ဆေးရုံများမှ ဓာတ်ခွဲနမူနာများကို ရန်ကုန်မြို့ရှိ အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာနသို့ ပေးပို့ရာတွင် ခရီး အကွာအဝေးအလိုက် ရောက်ရှိရန် ကြာမြင့်ချိန် ကွာခြားကြောင်းနှင့် ဓာတ်ခွဲနမူနာ ရောက်ရှိပြီး ဓာတ်ခွဲ စစ်ဆေးမှု အဆင့်ဆင့်ကို ပြုလုပ်ရာ၌ ကြာမြင့်ချိန် (၅) နာရီမှ (၈) နာရီအထိ ကြာမြင့်နိုင်ကြောင်းလည်း ကျန်းမာရေး ဝန်ကြီးဌာနထံမှ သိရသည်။

မြန်မာနိုင်ငံတွင် လက်ရှိအချိန်အထိ COVID-19 ရောဂါ အတည်ပြုလူနာ မရှိသေးကြောင်းနှင့် မတ်လ ၁၆ ရက် ညနေမှ မတ်လ ၁၇ ရက် ညနေအထိ စောင့်ကြည့်လူနာအသစ် ၁၁ ဦး ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly