ကိုရိုနာဗိုင်းရပ်စ်ကို တရုတ်ဗိုင်းရပ်စ်လို့ သုံးနှုန်းတာက အတိအကျ မှန်ကန်တယ်လို့ ထရမ့် ပြော

ကိုရိုနာဗိုင်းရပ်စ်ကို တရုတ်ဗိုင်းရပ်စ်လို့ သုံးနှုန်းတာက အတိအကျ မှန်ကန်တယ်လို့ ထရမ့် ပြော

မတ်လ ၁၈။              ။တရုတ်နိုင်ငံက ကန့်ကွက်နေတဲ့ ကြားမှ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ ကမ္ဘာအနှံ့ ရုတ်ခြည်းပျံ့နှံ့နေတဲ့ ကိုရိုနာဗိုင်းရပ်စ်ကို ‘တရုတ်ဗိုင်းရပ်စ်’ဆိုပြီး အင်္ဂါနေ့မှာ ထပ်လောင်းပြောဆိုလိုက်ပါတယ်။

“ဒီ ဗိုင်းရပ်စ်က တရုတ်က လာတာပဲ။ ဒါကြောင့် ဒီလို ပြောတာဟာ အတိအကျ မှန်တယ်လို့ ကျွန်တော်တော့ ပြောလိုတယ်။”လို့ သတင်းစာရှင်းလင်းပွဲတစ်ရပ်မှာ ထရမ့်က ပြောပါတယ်။

COVID-19 ရောဂါ ပျံ့နှံ့ဖြစ်ပွားမှုမှာ တရုတ်ဗိုင်းရပ်စ်ဆိုပြီး အစောပိုင်းက တွစ်တာမှာ ရေးသားခဲ့တာနဲ့ ပတ်သက်လို့ ထရမ့်က ခုခံကာကွယ် ပြောဆိုခဲ့တာပါ။

ဒါအပြင် နောက်ထပ် ဖြစ်ရပ်အနေနဲ့ ဒီ ဗိုင်းရပ်စ် ပျံ့နှံ့မှုမှာ အမေရိကန်စစ်တပ်ကို အပြစ်တင်ပြီး တရုတ်နိုင်ငံက သတင်းမှာ ဖြန့်နေတယ်လို့လည်း ထရမ့်က ချေပပြောဆိုပါတယ်။

“တရုတ်နိုင်ငံက ကျွန်တော်တို့ရဲ့ စစ်တပ်ဟာ သူတို့ဆီ ကိုရိုနာဗိုင်းရပ်စ် ယူဆောင်လာတယ်ဆိုပြီး ပြောနေတာကို ကျွန်တော်တော့ လက်မခံဘူး။ ကျွန်တော်တို့ စစ်တပ်က ဘယ်သူကိုမှ ဒီဗိုင်းရပ်စ်ကို ပေးတာမျိုး မရှိဘူး။”လို့ ထရမ့်က ပြောခဲ့ပါတယ်။

အခု လအစောပိုင်းက တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောခွင့်ရသူတစ်ဦးဟာ ကိုရိုနာဗိုင်းရပ်စ်ကို တရုတ်နိုင်ငံဆီ အမေရိကန်စစ်တပ်က ယူဆောင်လာခဲ့တာဖြစ်တယ်လို့ အပြစ်ပြောဆိုထားခဲ့တာ ဖြစ်ပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly