ကိုရိုနာဗိုင်းရပ်စ်ကြောင့် မြန်မာနိုင်ငံ ရေကြောင်းပညာတက္ကသိုလ် စာမေးပွဲ ရက်ရွေ့ဆိုင်း

ကိုရိုနာဗိုင်းရပ်စ်ကြောင့် မြန်မာနိုင်ငံ ရေကြောင်းပညာတက္ကသိုလ် စာမေးပွဲ ရက်ရွေ့ဆိုင်း
 ပုံ- မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ် (ပုံ- News Release)

ရန်ကုန်၊ မတ်လ ၁၇။               ။ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာနိုင်ငံ ရေကြောင်းပညာတက္ကသိုလ်၏ စာမေးပွဲရက်များကို ရက်ရွေ့လိုက်ကြောင်း မြန်မာနိုင်ငံရေကြောင်းပညာ တက္ကသိုလ်ကျောင်းသား များသမဂ္ဂမှ သိရသည်။

မတ်လ ၁၇ ရက် နေ့လယ် ၁ နာရီက မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ် ပါမောက္ခချုပ်ရုံး အစည်းအဝေး ခန်းမတွင် ပါမောက္ခချုပ် အပါအဝင်၊ ကျောင်း တာဝန်ရှိသူများနှင့် ကျောင်းသားသမဂ္ဂတို့ တွေ့ဆုံ ဆွေးနွေး ပြီးနောက် စာမေးပွဲရက် ရွေ့ဆိုင်းရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံရေကြောင်းပညာ တက္ကသိုလ်ကျောင်းသားများသမဂ္ဂဥက္ကဋ္ဌ ကိုထက်အာကာကျော်က “ ကမ္ဘာတစ် လွှားမှာလည်း ဒီဗိုင်းရပ်စ်က ပျံ့နှံ့မှုက အရမ်း ပြင်းထန်နေတာ ဖြစ်တဲ့အတွက် တက္ကသိုလ်စာမေးပွဲကို ရက်ရွေ့ လိုက်တာက ဖြေရှင်း နိုင်တယ်ဆိုတာထက် အကယ်၍ ကူးစက်မယ်ဆိုရင်တောင် ကူးစက်မှုကို လျော့ချနိုင်မယ့် နည်းလမ်းကောင်း တစ်ခုဖြစ်တယ်”ဟု မဇ္ဈိမသို့ ပြောသည်။

မြန်မာနိုင်ငံ ရေကြောင်းပညာတက္ကသိုလ် အနေဖြင့် COVID-19 ရောဂါ ကြိုတင် ကာကွယ်နိုင်ရန်အတွက် ၂၀၁၉-၂၀ ပညာသင်နှစ် ပထမနှစ်ဝက် စာမေးပွဲများကို မတ်လ ၂၅ ရက်မှ ဧပြီလ ၈ ရက်အထိ ဖြေဆိုရန် ကြေညာ ထားသော်လည်း မေလ ၇ ရက်မှ ၂၀ ရက်အထိ ပြောင်းလဲ ကျင်းပရန် ရွေ့ဆိုင်းလိုက်ခြင်း ဖြစ်သည်။

နိုင်ငံတော်သမ္မတရုံး အနေဖြင့်လည်း လူစုလူဝေးများ၊ ပွဲလမ်းသဘင်များကို ဧပြီလ ၃၀ ရက်အထိ ကျင်းပခြင်း မပြုရန် ညွှန်ကြားထားသည်။

တရုတ်နိုင်ငံ၊ ဝူဟန်မြို့မှ စတင်ပျံ့နှံ့သည့် COVID-19 သည် လက်ရှိတွင် နိုင်ငံပေါင်း ၁၅၂ နိုင်ငံ ပျံ့နှံ့ပြီးနောက် သေဆုံးသူ ၇၀၀၀ ကျော် ရှိပြီဖြစ်ပြီး ကူးစက်ခံထားရသူ ၁၇၀၀၀၀ ကျော်ရှိနေပြီ ဖြစ်ကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly