စားနပ်ရိက္ခာပြတ်လပ်မှုများကြောင့် ပလက်ဝမြို့ရှိ ကျေးရွာများအပြင်မြို့ပေါ်ရပ်ကွက်ရှိဒေသခံများ ပြည်မဘက်သို့ ရွှေ့ပြောင်းမှုများပြုလုပ်လာ

စားနပ်ရိက္ခာပြတ်လပ်မှုများကြောင့် ပလက်ဝမြို့ရှိ ကျေးရွာများအပြင်မြို့ပေါ်ရပ်ကွက်ရှိဒေသခံများ ပြည်မဘက်သို့ ရွှေ့ပြောင်းမှုများပြုလုပ်လာ

မတ်လ ၁၇။         ။ ပလက်ဝမြို့နယ်တွင်း တပ်မတော်နှင့် ရခိုင်တပ်(AA)တို့ အကြား တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာထွက်ပြေး တိမ်းရှောင်နေရသည့်  ပလက်ဝမြို့ရှိ ကျေးရွားများနှင့်မြို့ပေါ်ရှိ ဒေသခံပြည်သူများအနေဖြင့် စားနပ်ရိက္ခာ ပြတ်လပ်မှုများကြောင့်  မန္တလေးတိုင်းဘက်သို့ ပြောင်းရွှေ့မှုများရှိလာကြောင်း  မြို့မရပ်ကွက်တွင်နေထိုင်သူ ပလက်ဝမြို့နယ် စားနပ်ရိက္ခာသယ်ယူရေးကော်မတီ ဥက္ကဋ္ဌ ဦးစိန်ထွန်းလှက ပြောသည်။

“ပလက်ဝမြို့ပေါ်မှာ တစ်စတစ်စနဲ့ လူတွေက ဆမီးတို့ ၊ မတူပီ၊ မင်းတပ်၊  ပခုက္ကူ ဘက်ကနေ ပြည်မဘက်ကို သွားကုန်ကြပြီ။ ပြည်မဆင်းသွားကြပြီ။ အခုဆိုရင် ကြာသပတေးနေ့အထိ လက်မှတ်က ကုန်နေပြီ။ ပလက်ဝ၊ မတူပီ၊ မင်းတပ်။ ပခုက္ကူကို ကားလက်မှတ်က ၆သောင်း။ တစ်ဖြေးဖြေးလူတွေက ပြောင်းရွေ့ကုန်ပြီ။” ဟု ဦးစိန်ထွန်းလှ ကပြောသည်။

ပလက်ဝမြို့ပေါ်တွင်  စားနပ်ရိက္ခာပြတ်လပ်နေသည်မှာ ဖေဖော်ဝါရီလ နောက်ဆုံးပတ်ကတည်းက ဖြစ်သည်။

လက်ရှိတွင် ပလက်ဝမြို့နယ်အတွင်းရှိ တိုက်ပွဲဖြစ်ပွားရာ ကျေးရွာများတွင် စားနပ်ရိက္ခာပြတ်လပ်ခြင်းအပြင်  တိုက်ပွဲများပြင်းထန်လာခြင်းကြောင့် မြို့ပေါ်ရပ်ကွက်များ ပြောင်းရွှေ့ခြင်းဖြစ်ကြောင်း ဦးစိန်ထွန်းလှက ဆိုသည်။

“ကားတစ်စီးကို ၁၂ယောက် ဆန့်တယ်။ ကြာသပတေးနေ့အထိ လက်မှတ်ပြတ်နေတယ်။  လက်မှတ်တစ်စောင် ကို ၆သောင်းရှိတယ်။ ပလက်ဝ၊ မတူပီ၊ မင်းတပ်၊ ပခုက္ကူ ကို ကားလက်မှတ်က ၆သောင်းရှိတယ်။” ဟု ဦးစိန် ထွန်းလှက ဆိုသည်။

မြို့ပေါ် ရပ်ကွက် ၄ရပ်ကွက်မှ ရွှေ့ပြောင်းမှုများသည် မတ်လ ၁၅ရက်နေ့မှ စတင်ရွှေ့ပြောင်းမှုများပြု လုပ်ခြင်း ဖြစ်ပြီး  မြို့မရပ်ကွက်တစ်ခုတည်းတွင်ပင် အိမ်ထောင်စု ၄၀နီးပါးလောက်ရွေ့ပြောင်းနေပြီ ဖြစ်ကြောင်း ဦးစိန်ထွန်းလှ ထံမှသိရသည်။ကျန်ရှိသည့် ရိက္ခာ၊ပလက်ဝ၊မြို့မ၊ရွာမ ရပ်ကွက်များသည် ပြောင်းရွေ့မှုများပြုလုပ် နေပြီ ဖြစ်ကြောင်းသိရသည်။

ဖေဖော်ဝါရီလ ၂၉ရက်က ကုလားတန်စီမံကိန်းအတွက် မတူပီမြို့မှ ပလက်ဝမြို့သို့ ပေးပို့သည့်  ဒီဇယ်နှင့် အောက်တိန်းများ တင်ဆောင်လာသည့် ၁၂ဘီးကားတစ်စီးမှာ မိုင်တိုင် ၁၁၉နှင့် ၁၂၀ကြားတွင် လက်နက်ကိုင် အဖွဲ့ အစည်းတစ်ခု၏ ပစ်ခတ်ဖျက်စီးခြင်းကို ခံခဲ့ရသည်။

ထို့ကြောင့် ချင်းပြည်နယ်အစိုးရအဖွဲ့နှင့် ဒေသခံပြည်သူများစုပေါင်းလှူဒါန်းထားသည့် ဆန်အိတ် ၆၀၀ကျော်မှာ ပလက်ဝမြို့နယ်ရှိ တိုက်ပွဲရှောင်ဒုက္ခသည်များဆီသို့ မပေးပို့နိုင်ဘဲ ၄၂မိုင်ကွာဝေးသည့် ဆမီးမြို့တွင် သောင် တင် နေသည်မှာ မတ်လ ၁ရက်မှ ယနေ့အထိဖြစ်သည်။

ပလက်ဝမြို့ပေါ် ၄ရပ်ကွက်နှင့် အနီးနားရှိရွာများအတွက် ရည်ရွယ်ထားသည့် ဆမီးမြို့ရှိ ဆန်အိတ် ၆၀၀ကျော် သည်လည်း လက်ရှိတွင် ဆမီးမြို့သို့ ရောက်ရှိနေသည့် တိုက်ပွဲရှောင် ဒုက္ခသည်များအတွက် ရည်ရွယ်ထားပြီ ဖြစ် ၍ ဆန်အိတ်များကို ဆမီးမြို့က ပြန်ယူခြင်းထက် ပလက်ဝ-ကျောက်တော်လမ်းက သယ်ယူရန် သင့်တော် ကြောင်း ဦးစိန်ထွန်းလှက ဆိုသည်။

“ရွာတွေမှာတော့ အခြေအနေကတော့ တစ်နေ့ထက်တစ်နေ့ ဆိုးရွားလာတယ်။ မြို့ပေါ်မှာလည်း အခြေအနေက ပိုဆိုးလာတယ်။ ဆမီးမြို့ပေါ်မှာ က ဒုက္ခသည် သုံးထောင်ကျော်လောက်ရောက်နေတော့ ဆန်အိတ်တွေက ပြန် သယ်လို့မရတော့ဘူး။ ဒုက္ခသည်တွေအတွက် တောင် နည်းနေတော့ ကျွန်တော်တို့ ကျောက်တော် ဘက်ကနေသွားဖို့ လို့ ရခိုင်ဘက်က သယ်ဖို့စဉ်းစားနေတယ်။” ဟု ဦးစိန်ထွန်းလှ ကဆိုသည်။

ကျန်ရှိနေသည့် မြို့ပေါ် ရပ်ကွက်များမှ ဒေသခံပြည်သူများအတွက် ပလက်ဝမြို့နယ် စားနပ်ရိက္ခာသယ်ယူရေး ကော်မတီမှ ဆက်လက်လုပ်ဆောင်ပေးသွားမည်ဖြစ်ကြောင်း ဦးစိန်ထွန်းလှ ကပြောသည်။

“အန်ကယ်တို့ကတော့ အတတ်နိုင်ဆုံးတော့ နေ နိုင်သလောက်တော့တောင့်ခံနေတယ်။ အန်ကယ်က ရိက္ခသယ်ယူရေးမှာ ဥက္ကဌဆိုတော့ ခေါင်းဆောင်ဆိုတော့ ပြည်မဘက် သွားလို့ မရဘူး။ ဆန်အိတ် တွေကို ရန်ကုန်က နှစ်ယောက်၊သုံးယောက်လောက်က လှူဖို့ ဖုန်းဆကတယ်။” ဟု ဦးစိန်ထွန်းလှက ပြောသည်။

အလှူရှင်များက ဖုန်းဆက်၍လှူဒါန်းလိုကြောင်းပြောကြားခြင်းများရှိသော်လည်း ဝယ်ယူ၍ မရသည့်အခြေအနေ ဖြစ်ကာ ပလက်ဝ-ကျောက်တော်လမ်းကို အစိုးရက ဖွင့်ပေးမည်ဆိုပါက ရိက္ခာသယ်ယူနိုင်မည်ဖြစ်ကြောင်း ဦးစိန်ထွန်းလှက ဆိုသည်။

“ကျောက်တော်ဘက်ကနေသယ်ဖို့လုပ်နေတယ်။ ကျောက်တော်-ပလက်ဝ ကားလမ်းက နယ်မြေအေးချမ်းရင်တော့သယ်လို့ရတယ်။ ကျောက်တော်နဲ့ ပလက်ဝကို ကားနဲ့ တစ်နာရီခွဲနှစ်နာရီ မောင်းရတယ်။ လမ်းခရီးနယ်မြေ အေးချမ်းရင်တော့ တကယ်လို့များ အစိုးရက ရက်သတ်မှတ်ပြီး တစ်ပတ်လောက်ဖြစ်ဖြစ်ဖွင့်ပေးရင်ေကာင်းမယ်။” ဟု ဦးစိန်ထွန်းလှကပြောသည်။

လက်ရှိတွင် ပလက်ဝမြို့နယ်တွင် အင်တာနက်လိုင်းများပြတ်တောက်နေပြီး  ဖုန်းလိုင်းသည်လည်း ပြတ်သည့်အချိန်များလည်းရှိ၍ စိုးရိမ်ပူပန်မှုများရှိကြောင်း ဦးစိန်ထွန်းလှက ပြောသည်။

ပလက်ဝမြို့နယ်တွင် ဆက်သွယ်ရေးပြတ်တောက်ပြီး စားနပ်ရိက္ခာ သယ်ယူရေးလုပ်ဆောင်၍ မရသည့် အခြေ အနေများကြောင့် မတ်လ ၁၀ရက်က ပလက်ဝမြို့ရှိ ဘာသာရေးအဖွဲ့အစည်းများ၊ အရပ်ဘက်အဖွဲ့အစည်းများ အမျိုးသမီးနှင့် လူငယ်အဖွဲ့အစည်းများ စုပေါင်းကာ အစည်းအဝေးတစ်ရပ်ကျင်းပခဲ့သည်။

အဆိုပါ အစည်းအဝေးဆုံးဖြတ်ချက်အရ ချင်းနှင့် ရခိုင်လူမျိုးများပါဝင်သည့် ပြည်သူလူထုအားဖြင့် စားနပ်ရိက္ခာ သယ်ယူကြရမည်ဖြစ်ကြောင်း ဆုံးဖြတ်ချက်ချဆောင်ရွက်ခဲ့သော်လည်း ယနေ့အထိ ဆန်သယ်ယူနိုင်ခြင်း မရှိကြောင်းသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly