မလေးရှားရောက် မြန်မာများ နေရပ်သို့ပြန်ခြင်းကို ရှောင်ကြဉ်ရန် မြန်မာသံရုံးပြော

မလေးရှားရောက် မြန်မာများ နေရပ်သို့ပြန်ခြင်းကို ရှောင်ကြဉ်ရန် မြန်မာသံရုံးပြော
ပုံ - မလေးရှား လေဆိပ်တစ်ခုတွင် တာဝန်ရှိသူများ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ရေး လက်ကမ်းစာများ ဖြန့်ဝေနေစဉ်။

ရန်ကုန်၊ မတ်လ ၁၇။                ။ ကိုရိုနာဗိုင်းရပ်စ် (ခေါ်) COVID- 19 ရောဂါကြောင့် မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးက မလေးရှားရောက် မြန်မာနိုင်ငံသားများအနေဖြင့် နေရပ်သို့ ခေတ္တခဏ ပြန်ခြင်းများကို ရှောင်ကြဉ် ကြရန် မတ်လ ၁၇ ရက် ညနေပိုင်းက ထုတ်ပြန် ပြောခဲ့သည်။

မလေးရှားနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် (ခေါ်) COVID-19 ကို ကြိုတင်ကာကွယ်သည့် အနေဖြင့် နိုင်ငံ တစ်ဝန်း သွားလာခွင့်အား မတ်လ ၁၈ ရက်မှ ၃၁ ရက်နေ့ထိ ထိန်းချုပ်လိုက်ပြီးနောက် ယခု ထုတ်ပြန် ကြေညာချက် ထွက်ပေါ် လာခြင်း ဖြစ်သည်။

မလေးရှားဆိုင်ရာ ကွာလာလမ်ပူမြို့ရှိ မြန်မာသံရုံးက “မလေးရှားနိုင်ငံရောက် မြန်မာနိုင်ငံသားများ အနေဖြင့် မသွားမဖြစ် အရေးကြီး ခရီးသွားရောက်ရမည့် ကိစ္စများမှလွဲ၍ လောလောဆယ် အခြေအနေတွင် တစ်နိုင်ငံနှင့် တစ်နိုင်ငံ ကူးလူး သွားလာမှုများ၊ မြန်မာနိုင်ငံသို့ ခေတ္တခဏပြန်ခြင်းများကို ရှောင်ကြဉ်ကြရန် အလေးအနက် ပန်ကြားအပ်ပါသည်။”ဟု ထုတ်ပြန်ချက်မှာ ပြောထားသည်။

မလေးရှားနိုင်ငံတွင် ရောက်ရှိနေသော မြန်မာနိုင်ငံသား အရေအတွက်မှာ ၆ သိန်းဝန်းကျင် ရှိကြောင်း မလေးရှားတွင် လူမှုကူညီရေးများ လုပ်ပေးနေသော မလေးရှားနိုင်ငံ မလကာမြို့က ဓမ္မရတနာရွှေမြေ လူမှု ကူညီရေးအသင်းမှ ကိုမျိုးချစ်က ပြောသည်။

 “အခု လေဆိပ်ကလည်း ပြန်မယ်ဆို ပြန်ခွင့်ပြုတယ်၊ အဝင်သာ သူတို့ လက်မခံတာ။ သူခွင့်မပြုဘူးဆိုတာက မြန်မာပြည်ရောက်လည်း ၂ ပတ် ခြေချုပ် မိဦးမှာဆိုတော့ အလုပ်ရှုပ်မယ်။ တကယ်လို့ ဒီက ပြန်ရင်လည်း ခွင့်က အများဆုံးရရင် တစ်လ အဲ့ဒါကြောင့် သံရုံးအနေနဲ့ မပြန်ဖို့ အရေးကြီး ကိစ္စမရှိရင် မပြန်ဖို့ ပြောတာပါ”ဟု ပြော သည်။

မလေးရှားနိုင်ငံတွင် မတ်လ ၁၈ ရက်နေ့မှ စတင်ကာ ပြည်သူလူထုအတွက် အခြေခံ လိုအပ်သည့် ဝန်ဆောင်မှု များမှ လွဲ၍ အစိုးရရုံးဌာနများ၊ ပုဂ္ဂလိက လုပ်ငန်းများ၊ နိုင်ငံတစ်ဝန်း ဖွင့်လှစ်ထားသည့် ကျောင်းများကို ပိတ် သွားမည်ဖြစ်ကြောင်း မလေးရှားအစိုးရက မတ်လ ၁၆ ရက် ကြေညာထားသည်။

မလေးရှားနိုင်ငံ မလကာမြို့က ဓမ္မရတနာရွှေမြေလူမှုကူညီရေး အသင်းမှ ကိုမျိုးချစ်က စက်ရုံများ မတ်လ ၁၈ ရက် ကနေ ၃၁ ရက်အထိ ၂ ပတ်တာ ကာလတို ပိတ်ရာတွင် တချို့ရုံးများ၌ လစာမဲ့နှင့် တချို့ရုံးများမှာ လစာ တစ်ဝက် ပေးမှုများ ရှိကြောင်း၊ စက်ရုံများဘက်ကတော့ အတိအကျ မထုတ်ပြန်သေးကြောင်း ပြောသည်။

မလေးရှား အစိုးရမှ စက်ရုံနှင့်အလုပ်ရုံများ ပိတ်ကြောင်း ကြေညာခဲ့ပြီးနောက် ပြည်သူများသည် စူပါမားကတ် နှင့် ကုန်တိုက်များတွင် အစားအသောက်များ အလုအယက် ဝယ်ယူနေကြသလို စားသောက်ဆိုင်များမှာလည်း အော်ဒါမှာယူ၍ စားနေရကြောင်း သိရသည်။

လက်ရှိတွင် မလေးရှားနိုင်ငံ၌ ကိုရိုနာဗိုင်းရပ်စ် (ခေါ်) COVID-19 နှင့် ပတ်သက်၍ ကူးစက်ခံရသူ ၅၆၆ ဦး ရှိလာပြီဖြစ်ပြီး သေဆုံးမှုတော့ မရှိသေးကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required