လေကြောင်းပစ်ခတ်မှုတာဝန်ရှိသူများအား စစ်ဆေးအရေးယူပေးရန် ချင်းဒီမိုကရေစီအဖွဲ့ချုပ်ပြော

လေကြောင်းပစ်ခတ်မှုတာဝန်ရှိသူများအား စစ်ဆေးအရေးယူပေးရန် ချင်းဒီမိုကရေစီအဖွဲ့ချုပ်ပြော
ပုံ- ပလက်ဝမြို့နယ် ရှင်းလက်ဝရွာရှိ တိုက်ပွဲရှောင်ကလေးငယ်များ ၂၀၁၇ ခုနှစ်၊နိုဝင်ဘာလက စားနပ်ရိက္ခာများ ယူနေစဉ် (ပုံ-ချစ်မင်းထွန်း)

မတ်လ ၁၇။           ။ တပ်မတော်ကလေကြောင်းပစ်ခတ်မှုကြောင့် ပလက်ဝမြိုနယ်ကအရပ်သား ၂၀ ကျော် သေဆုံးမှုအတွက် တာဝန်ရှိသူများကိုစစ်ဆေးအရေးယူပေးရန် ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကပြောသည်။

ပြီးခဲ့သည့် မတ်လ ၁၄ ရက်နေ့မနက်ပိုင်းက ချင်းပြည်နယ် ၊ ပလက်ဝမြို့နယ်၊ မိတ်စာဝ(၁) ကျေးရွာ၊ မိတ်စာဝ (၂) ကျေးရွာနှင့် မိတ်စာဝ (၃) ကျေးရွာ (၃) ရွာကိုတပ်မတော်ကလေကြောင်းပစ်ခတ်မှုကြောင့် ကလေးငယ်နှင့် အမျိုးသမီးများအပါအဝင် ၁၂ ဦးသေဆုံးပြီး ၁၅ ဦးမှာပြင်းထန်စွာထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ချင်းဒီမိုကရေစီအဖွဲ့ချုပ်က မတ်လ ၁၇ ရက်နေ့ကကြေညာချက်ထုတ်ပြန်ပြီးတောင်းဆိုထားခြင်းဖြစ်သည်။ထို့ပြင် မတ်လ ၁၅ ရက်နေ့ ညနေပိုင်းကလည်း အလားတူတိုက်ခိုက်မှုကြောင့် ပလက်ဝမြို့နယ် ဝက်မကျေးရွာမှ အရပ်သား ရှစ် ဦးသေဆုံးပြီးပြိုင်တင်ကျေးရွာမှ ပဉ္စမတန်းကျောင်းသားတစ်ဦးသေဆုံးခဲ့သည်ဟု ဆိုသည်။

ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပူးတွဲအထွေထွေအတွင်းရေးမှူးဆလိုင်းကျဲအိုဘိခ်ထောင်က“ဒါကတော့ မဆင်မခြင် လုပ်တာပေါ့လေ။ ဒီတပ်မတော် စစ်ကြောင်းပစ်ခတ်မှုကတကယ်ကိုမဆင်မခြင် လုပ်ရပ်ဖြစ်နေတဲ့အခါကျတော့ ဟိုမှာ ၂၀ ကျော်ကသေသွားတဲ့အခါကျတော့ ဒီဟာကစစ်ရာဇဝတ်မှုတစ်ခုအနေအထားဖြစ်နေတယ်ပေါ့လေ ၊ ဒီဟာက အဖြစ်မှန်ကိုသေချာစစ်ဆေးပြီးတော့မှ နစ်နာဆုံးရှုံးတဲ့ သူတွေကိုနစ်နာကြေးတွေပေးဖို့နှင့် တရားဝင် ဝန်ချတောင်းပန်ဖို့ ဖြစ်ပါတယ်။” ဟုပြောသည်။

တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကတော့ အကြောင်းမဲ့ ပစ်ခတ်ခြင်းမဟုတ်ဘဲ ရန်သူကပစ်ခတ်သည့်နေရာကို မိမိကိုယ်ကိုခုခံကာကွယ်သည့်အနေဖြင့် ပြန်လည်ပစ်ခတ်ခြင်းဖြစ် ကြောင်းပြည်းတွင် မီဒီယာတချို့တွင် ပြောကြားထားသည်။

အဆိုပါ တိုက်ပွဲကြောင့် ရခိုင်မြောက်ပိုင်းကဒေသခံ တစ်သိန်းကျော်နှင့် ပလက်ဝမြို့နယ်ကဒေသခံ (၁၅၀၀) ဝန်းကျင်ခန့် နီးစပ်ရာစစ်ဘေးရှောင်စစ်ဘေးရှောင်စခန်းများတွင် ခိုလှုံနေကြရကြောင်းလည်းသိရသည်။

ရခိုင်ပြည်နယ်မြောက်ပိုင်းနှင့် ပလက်ဝမြို့နယ်တွင် တပ်မတော်နှင့် ရခိုင်တပ် (AA) တို့ တိုက်ပွဲဖြစ်ပွားနေသည်မှာတစ်နှစ်ကျော် ကြာပြီဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly