သင်ရိုးသစ် သင်တန်းများကို နည်းလမ်းသုံးသွယ်ဖြင့် ပေးနိုင်ရန် ပညာရေးဝန်ကြီးဌာနက စီစဉ်မည်

သင်ရိုးသစ် သင်တန်းများကို နည်းလမ်းသုံးသွယ်ဖြင့် ပေးနိုင်ရန် ပညာရေးဝန်ကြီးဌာနက စီစဉ်မည်
Photo Credit - ပညာရေးဝန်ကြီးဌာန

ရန်ကုန်၊ မတ်လ ၁၇။               ။ ၂၀၂၀-၂၁ ပညာသင်နှစ်မှာ သင်ရိုးသစ် စတင်မည့် စတုတ္တတန်း၊ သတ္တမတန်း၊ ဒဿမတန်းများနှင့် ပတ်သက်သော သင်တန်းများ အတွက် ဆရာ/ဆရာမများကို သင်တန်းပေးနိုင်ရန် နည်းလမ်းသုံး သွယ်ဖြင့် ဆောင်ရွက်ရန် ပညာရေးဝန်ကြီးဌာနမှ စဉ်းစား ထားသည်ဟု  ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးတင်မောင်ဝင်းက မဇ္ဈိမသို့ ပြော သည်။

လာမည့် ပညာသင်နှစ်မှာ စနစ်သစ် ပြောင်းလဲမည့် Grade 4(စတုတ္ထတန်း)၊ Grade 7(သတ္တမတန်း)နှင့် Grade 10 (ဒဿမတန်း) သင်ရိုးသစ်များနှင့် ပတ်သက်ပြီး ဆရာ/ဆရာမပေါင်း လေးသိန်းကျော်ကို မေလမှာ သင်တန်း ပေးရန် စီစဉ်ထားကြောင်း ပညာရေးဝန်ကြီးဌာနမှ သိရသည်။

အခြေခံပညာ ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးတင်မောင်ဝင်းက “Grade 4၊ 7၊ 10 ပတ်သက်တဲ့ သင်တန်းတွေကို ဆရာ/ဆရာမတွေဆီကို အားလုံးရောက်သွားအောင် ဗဟိုအဆင့် သင်တန်းများ သင်ခဲ့တဲ့ ဟာတွေကို Video ကလစ်တွေ ရှိတယ်။ အဲဒါတွေကို Soft Copy တွေထုတ်မယ်။ ထုတ်ပြီးတော့ ဆရာ/ဆရာမတွေဆီကို ရောက်အောင် ပို့မယ်။ အဲဒါက တစ်နည်းပေါ့။ အဲဒီဟာကို ဆရာ/ဆရာမတွေ လေ့လာပြီးတော့မှ ဆွေးနွေး လို့ရ အောင် ဗဟိုအဆင့် နည်းပြ သင်တန်းတွေ မှာ တက်ရောက်ခဲ့တဲ့ ဆရာ/ဆရာမ တချို့ကို ခေါ်ယူပြီးတော့ ရုံးချုပ်မှာ ပြန်လည် ဆွေးနွေးနိုင်မယ့် နည်းလမ်းတစ်ခုပေါ့။ နောက်တစ်ခုကတော့ Tv Channel တွေကနေ ထုတ်လွင့်ဖို့၊ နောက်တနည်းကတော့ ဆိုရှယ်မီဒီယာတွေကနေ အွန်လိုင်း ကို သုံးပြီးတော့ ရအောင်ပို့ဖို့ အမျိုးမျိုးတော့ စဉ်းစားနေပါတယ်” ဟု ပြောသည်။

နိုင်ငံပေါင်း ၁၆၀ ကျော်တွင် ပျံ့နှံ့နေသည့် COVID-19 ထိန်းချုပ် နိုင်ပြီဆိုပါက အဆိုပါ အတန်းများ၏ နည်းပြ သင်တန်း များကို မေလအတွင်း ပေးအပ်သွားမည်ဖြစ်ပြီး သတ်မှတ်ထားသည့် သင်တန်းကာလ ၁၄ ရက်ထက် ရက်လျော့ကာ ပေး သွားရန်လည်း စီစဉ်ထားကြောင်း ၎င်းက ပြောသည်။

လက်ရှိတွင် ပညာရေးဝန်ကြီးဌာနက လေ့ကျင့်ရေး အထက်တန်းကျောင်းနှင့် လေ့ကျင့်ရေး အလယ်တန်းကျောင်းများ အပါ အဝင် ကိုယ်ပိုင်ကျောင်းများ၊ ဘာသာရပ်သင် ကိုယ်ပိုင်သင်တန်းများ၏ ရက်တို၊ ရက်ရှည် သင်တန်း များနှင့် ဟောပြော ဆွေးနွေးပွဲများ ကျင်းပ ဆောင်ရွက်ခြင်း မပြုရန်နှင့် ဖွင့်လှစ်ဆဲ သင်တန်းများကို ဧပြီလ ၃၀ ရက်အထိ ပိတ်သိမ်းရန် မတ်လ ၁၆ ရက်က ညွှန်ကြားထားသည်။

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ်မှ မူလတန်းပြ ဆရာတစ်ဦးဖြစ်သည့် ဦးမြတ်သီဟထွန်းက အွန်လိုင်းသင်တန်းများ ဖြင့်ပေးမည်ဆိုသော သတင်းများ ကြားရသော်လည်း အဆင်သင့် မဖြစ်သေးသည့် အခြေအနေ မျိုးကို မြင်တွေ့ရကြောင်း ဆိုသည်။

“ဗိုင်းရပ်စ်ကြောင့် သင်တန်းတွေ ရပ်နားလိုက်ရတဲ့ အခြေအနေမှာ အွန်လိုင်း သင်တန်း လုပ်မယ်ဆိုတဲ့ အသံကြားရ တယ်ဗျ။ ဒါပေမယ့် တကယ့် လက်တွေ့မှာတော့ အွန်လိုင်းသင်တန်း လုပ်ဖို့အတွက် ဘာမှ အဆင်သင့် မဖြစ်သေးတဲ့ အခြေအနေပါ။ ဒါပေမယ့် ဆရာ/ဆရာမတွေ အနေနဲ့ကလည်း ကျောင်းဖွင့်တာနဲ့ ဒီသင်ရိုးသစ်ကို မဖြစ်မနေ သင်ရမှာ။ အဲ့အတွက် သင်ရိုး သစ်ကို ကျောင်းဖွင့်မှ စပြီး မြင်ရမယ်ဆိုရင် အဆင်မပြေနိုင်ဘူး”ဟု ၎င်းက ပြောသည်။

ဆက်လက်ပြီး မူလတန်းပြ ဆရာတစ်ဦးဖြစ်သည့် ဦးမြတ်သီဟထွန်းက “ ဗိုင်းရပ်စ်ကြောင့် လူစုလို့ မရဘူးဆိုရင်တောင် ဆရာ/ဆရာမတွေ ကြိုတင်လေ့လာနိုင်ဖို့ ဦးစီဌာနအနေနဲ့ သင်ရိုးသစ်စာအုပ်ကို ဆရာကိုင်နဲ့ ကျောင်း သားကိုင် စာအုပ်တွေ ကို soft copy အနေနဲ့ ဝန်ကြီးဌာန ဝက်ဘ်ဆိုက်မှာကို လိုချင်တဲ့ စာအုပ် တစ်အုပ်ချင်း Download ဆွဲလို့ရအောင် အမြန် စီစဉ်ဖို့ လိုပါလိမ့်မယ်။ ဘာသာရပ်အလိုက် ပို့ချချက် ဗီဒီယို ဖိုင်တွေ တင်ပေးပြီး ဆရာ/ဆရာမတွေဟာ အဲ့ဒီ ပို့ချချက် ဗီဒီယိုတွေနဲ့ သူတို့ လက်ထဲ Download ဆွဲထားတဲ့ ဆရာကိုင် ကျောင်းသားကိုင် စာအုပ်တွေနဲ့ တိုက်ဆိုင် လေ့လာမယ် ဆိုရင် အဲ့ဒါဟာ အွန်လိုင်းသင်တန်း သဘောမျိုးဖြစ်လို့ လာမယ့် နှစ်ကျောင်းဖွင့်ရာသီမှာ အဆင်ပြေပြေ ဖြစ်ပါ လိမ့်မယ်” ဟု ပြောသည်။

စနစ်သစ်နှင့် ပတ်သက်ပြီး ဗဟိုအဆင့် နည်းပြ သင်တန်းများအား ဆရာ/ဆရာမ ၂၀၀၀ ကျော်ကို မတ်လအတွင်းမှာပဲ သင်တန်းပေးပြီး ဖြစ်ကြောင်း အခြေခံပညာဦးစီးဌာနမှ သိရသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly