ဂရိရှိ ရွှေ့ပြောင်းဝင်ရောက်သူများစခန်းမှာ မီးလောင်မှု ဖြစ်ပြီး ကလေးတစ်ဦး သေဆုံး

ဂရိရှိ ရွှေ့ပြောင်းဝင်ရောက်သူများစခန်းမှာ မီးလောင်မှု ဖြစ်ပြီး ကလေးတစ်ဦး သေဆုံး

မတ်လ ၁၇။           ။ ဂရိနိုင်ငံ လက်စ်ဘို့စ်ကျွန်းက ဆိုးဆိုးဝါးဝါး လူတွေ ပြည့်ကျပ်နေတဲ့ ရွှေ့ပြောင်းဝင်ရောက်သူတွေရဲ့ စခန်းမှာ မီးလောင်မှု ဖြစ်တာကြောင့် တနင်္လာနေ့မှာ ခြောက်နှစ်ကလေးငယ်တစ်ဦး သေဆုံးခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

 

မိုရီယာ ရွှေ့ပြောင်းဝင်ရောက်သူများ စခန်းက ကွန်တိန်နာတစ်လုံးမှာ မီးလောင်တာဖြစ်ကြောင်း နိုင်ငံပိုင် TV ERT က ထုတ်လွှင့်သလို မီးလောင်တဲ့အကြောင်းကို ဌာနေမီးသတ်ဌာနက AFP ကို အတည်ပြုပါတယ်။

သေဆုံးတဲ့ ကလေးငယ်ဟာ မိန်းကလေးဖြစ်တယ်လို့ အဆိုပါ နိုင်ငံပိုင် သတင်းဌာနက ဖော်ပြပါတယ်။

အီးယူဆီ ထွက်ခွာကြတဲ့ နိုင်ငံရေးခိုလှုံခွင့် ရရေး ကြိုးပမ်းသူတွေကို တားဆီးတော့မှာ မဟုတ်ဘူးလို့ တူရကီနိုင်ငံက ကြေညာပြီးနောက် မတ်လကစတင်ပြီး ရွှေ့ပြောင်းဝင်ရောက်သူ ရာပေါင်းများစွာဟာ တူရကီအနီးက ဂရိကျွန်းတွေဆီ ပင်လယ်ဖြတ်လို့ ရောက်ရှိလာကြတာ ဖြစ်ပါတယ်။

မူလက လူ ၆၀၀၀ လောက်စာ တည်ဆောက်ထားတဲ့ ဂရိကျွန်းက စခန်းတွေမှာ နိုင်ငံရေးခိုလှုံခွင့် ကြိုးစားတဲ့ ရွှေ့ပြောင်းဝင်ရောက်သူပေါင်း ၃၇၀၀၀ ကျော်ထက်မနည်း ရှိနေပါတယ်။

နေရာထိုင်ခင်း ရှားပါးတဲ့အတွက် ဂရိအာဏာပိုင်တွေဟာ လက်စ်ဘို့စ်ကျွန်း မိုင်တဲလ်လန့်ဆိပ်ကမ်းဆီ ကမ်းကပ်တဲ့ ရေတပ်သင်္ဘောပေါ်က ကယ်ဆယ်လာခဲ့တဲ့ ရွှေ့ပြောင်းဝင်ရောက်သူ ၄၅၀ ကျော်ကို မတ်လ အစောပိုင်းမှာ လက်မခံဘဲ ရှိခဲ့ပါတယ်။

ဆိပ်ကမ်းမှာ ရက်အနည်းငယ်ကြာပြီးမှ ပြီးခဲ့တဲ့ စနေ၊ တနင်္ဂနွေမှာ ၎င်းတို့ဟာ ကုန်းတွင်းပိုင်းဆီ ဝင်ရောက်သွားခဲ့ကြတာ ဖြစ်ပါတယ်။

အီးယူနဲ့ ဂရိတာဝန်ရှိသူတွေဟာ ပြည့်သိပ်နေတဲ့ စခန်းတွေနဲ့ ပတ်သက်ပြီး ဖိအား‌တွေ လျော့ပါးရေးအတွက် ဂရိကျွန်းတွေမှာ ရောက်နေတဲ့ နိုင်ငံရေးခိုလှုံခွင့် ကြိုးစားသူတွေကို နေရပ်ပြန်ဖို့ ငွေကြေးထောက်ပံ့မှုပေးရန် ပြီးခဲ့တဲ့ သီတင်းပတ်က သဘောတူခဲ့ကြပါတယ်။

 
 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly