နို့တိုက်မိခင် ရှောင်သင့်တဲ့ အစားအစာတွေ ရှိတယ်နော်

နို့တိုက်မိခင် ရှောင်သင့်တဲ့ အစားအစာတွေ ရှိတယ်နော်

ရေးသားသူ Yun Sandi Nan Mon

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

မေမေတို့မှာ ကလေးနို့တိုက်နေရတာဆိုတော့ အားရှိအောင်၊ နို့ထွက်များအောင် အစားပိုစားရ၊ အရည်ပိုသောက်ရတာ မဖြစ်မနေပါပဲ။ ခဏခဏလည်း ဆာတယ်မဟုတ်လား။ ဒီလိုပိုစားရမယ်ဆိုပေမယ့်လည်း နို့တိုက်မိခင် တွေ ရှောင်သင့်၊ လျှော့စားသင့်တာလေးတွေ ရှိတယ်ဆိုတာ သတိပေးချင်ပါတယ်။ အကုန်လုံး တွေ့မရှောင်တမ်း စားနေ၊ သောက်နေမယ်ဆိုရင် မလိုလားအပ်တဲ့ ဆိုးကျိုးတွေ ရှိလာနိုင်ပါတယ်နော်။
နို့တိုက်မိခင် ဘာတွေရှောင်ရမလဲ
ပင်လယ်စာ

ချက်ပြုတ်ထားတဲ့ ပင်လယ်စာတွေ၊ ငါးတွေကို တစ်ပတ်နှစ်ကြိမ်စားလို့ရပါတယ်။ မာကျူရီပါနိုင်တဲ့အတွက် ဆာဒင်း၊ မက်ခရယ်၊ တူနာ တို့လို ပင်လယ်ငါးတွေကို တစ်ပတ်နှစ်ကြိမ်ထက်ပိုမစားပါနဲ့။ ငါးနဲ့ပင်လယ်စာတို့ကို အစိမ်းမစားပါနဲ့။
အပူအစပ်

ပူပူစပ်စပ်လေးမှ ခံတွင်းတွေ့တာလား။ ဒါပေမယ့် မေမေက အစပ်တွေစားမယ်ဆို ကိုယ့်ရဲ့ဘေဘီလေးမှာ လေပွ၊ လေနာအပြင် ဝမ်းပျက်ဝမ်းလျှောပါ ဖြစ်တတ်တယ်နော်။
လေပွစာတွေ

အများအားဖြင့်တော့ ပဲ၊ ပန်းဂေါ်ဖီစိမ်း၊ ဂေါ်ဖီထုပ်တို့က အဓိကပါပဲ။ အမြဲရှောင်ဖို့မလိုပေမယ့် ဘေဘီလေးက လေပွတယ်၊ လေနာဖြစ်နေတယ်ဆိုရင် ရက်ပိုင်းခဏတော့ ဒါတွေရှောင်စားပေးပါ။
ချောကလက်နဲ့ ကော်ဖီ

ဒီနှစ်မျိုးအပြင် အားဖြည့်အချိုရည်နဲ့ ကိုလာတို့မှာ ကဖင်းဓာတ်ပါဝင်ပါတယ်။ ကဖင်းက ကလေးရဲ့ဖွံ့ဖြိုးမှုကို အဟန့်အတားဖြစ်စေတတ်လို့ နို့ထွက်များအောင်ဆိုပြီး ဒါတွေသောက်လို့ မကောင်းပါဘူးနော်။ မသောက်ဘဲမနေနိုင်ရင် အကန့်အသတ်နဲ့သောက်ပါ။
ဥ၊ မြေပဲ နဲ့အစေ့အဆန်

မိသားစုမှာ မြေပဲဓာတ်မတည့်မှု မျိုးရိုးရှိရင် ကလေးနို့ဖြတ်ချိန်ထိ မြေပဲရှောင်ထားသင့်ပါတယ်။ အစေ့အဆန်နဲ့ မြေပဲမှာပါတဲ့ ဓာတ်မတည့်မှုဖြစ်စေတဲ့ ဒြပ်ပေါင်းတွေက မိခင်နို့ကတဆင့် ကလေးဆီရောက်သွားနိုင်လို့ပါ။
အရည်ရွှမ်းအချဉ်သီးတွေ

ကလေးရဲ့အစာအိမ်အူလမ်းကြောင်းက အပြီးမဖွံ့ဖြိုးသေးတဲ့အတွက် ဒီအသီးတွေမှာပါတဲ့ ဒြပ်ပေါင်းတချို့ကြောင့် ထိခိုက်ရနိုင်ပါတယ်။ ဒါကြောင့်မို့ မေမေတို့ ဗီတာမင်စီကို စားချင်တယ်ဆို နာနတ်သီးနဲ့ သရက်သီးတို့လိုမျိုးကို တန်သင့်သလို စားလို့ရပါတယ်။ အရည်ရွှမ်းသီးဆိုတာ လိမ္မော်သီး၊ သံပရာသီး၊ ဂရိတ်ဖရု စတာတွေ ပါဝင်ပါတယ်။
အယ်ကိုဟော

ခုခေတ်မှာတော့ ဖေဖေနဲ့မေမေ ရင်ပေါင်တန်းပြီးသောက်နေကြပြီဆိုတော့ ဒီအချက်က မှာကိုမှာရပါမယ်။ အရက်၊ ဘီယာ၊ ဝိုင် စတဲ့ အယ်ကိုဟောတွေက မိခင်နို့ရည်ထဲ ပါလာတဲ့အခါ ကလေးအတွက် ကောင်းကျိုးမရှိပါဘူး။ တစ်ခွက်၊ နှစ်ခွက်သောက်မယ်ဆိုရင် စနစ်ထဲမှာ အယ်ကိုဟောက ၁ နာရီ- ၂ နာရီလောက် ကျန်နေဦးမှာဖြစ်ပါတယ်။
အချိုများတဲ့ သောက်စရာ

နို့ရည်ပိုထွက်အောင်လို့ အချိုရည်တွေသောက်တာ၊ အချိုများတဲ့အာဟာရမှုန့်တွေ အမြဲ ဖျော်သောက်တာမကောင်းပါဘူး။ တစ်ခါတစ်လေသောက်လို့ရပေမယ့် စွပ်ပြုတ်ရည်၊ ဟင်းချိုရည်နဲ့ ရေကိုပဲ အားထားပြီးသောက်သင့် ပါတယ်။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly