ထိုင်းရောက် မြန်မာများ နေရပ်သို့ ပြန်မလာရန် သံရုံးတိုက်တွန်း

ထိုင်းရောက် မြန်မာများ နေရပ်သို့ ပြန်မလာရန် သံရုံးတိုက်တွန်း

မတ်၁၆၊ ရန်ကုန်။               ။ ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်နေသော မြန်မာလုပ်သားများအနေဖြင့် ဧပြီလ ၃၀ရက်နေ့ထိ မြန်မာနိုင်ငံသို့ ခေတ္တပြန်ခြင်း၊ တစ်နိုင်ငံမှ တစ်နိုင်ငံ ကူးလူးသွားလာမှုများ မပြုလုပ်ရန်၊ ခရီးသွား လာခြင်းများကို ရှောင်ရှားရန် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့အခြေစိုက် မြန်မာသံရုံးက မတ်လ ၁၆ရက်နေ့က ထုတ်ပြန်ထားသည်။

ထိုင်းနိုင်ငံ အစိုးရအနေဖြင့် ကိုရိုနာဗိုင်းရပ်စ် (Covid 19) ကို အန္တရာယ်ရှိ ကူးစက်မြန်ရောဂါအဖြစ် သတ်မှတ်ထားပြီး အပြည်ပြည်ဆိုင်ရာ ဝင်ပေါက်၊ ထွက်ပေါက်များ ဖြစ်သော လေဆိပ်၊ ရေဆိပ်၊ နယ်စပ်ဂိတ်မှတဆင့် ဝင် ရောက်လာသည့် ခရီးသည်များကိုလည်း ကျန်းမာရေး စစ်ဆေးမှုများ အထူးကြပ်မတ်ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

 “အရင်ပုံစံတိုင်း ပြန်လို့ကတော့ ရတယ် ထိုင်းဘက်က လုပ်ငန်းရှင်တွေက သူတို့ဆီ ပြန်ဝင်ရင် အခက်အခဲရှိတယ်ပေါ့ ဘာအခက်အခဲလဲဆိုတော့ ၁၄ရက်စောင့်ကြည့်မယ်ဆိုတာမျိုးဆို ၁၄ရက်အတွင်း လစာကပေးမှာ မဟုတ် ဘူး အဲ့တာကြောင့် အလုပ်သမားတွေ ဆင်ခြင်နိုင်အောင်လို့ပါ” ဟု မဲဆောက်မြို့အခြေစိုက် မြန်မာသံရုံးမှ အလုပ်သမား သံအရာရှိ ဦးဝေလင်းမောင်က ပြောသည်။

ရောဂါဖြစ်ပွားမှုရှိသော ဒေသများနှင့် နေရပ်မှ ပြန်လာသည့် အလုပ်သမားများ ထိုင်းနိုင်ငံသို့ပြန်လည်ရောက်ရှိလာသောအခါ (၁၄)ရက်တာ သီးခြားခွဲထားပြီး ရောဂါလက္ခဏာ စောင့်ကြည့်စစ်ဆေးသွားမည်ဟု ထိုင်းနိုင်ငံ၏ စက်မှုဝန်ကြီးဌာနကလည်း ထုတ်ပြန်ထားသည်။

ယင်းအပြင် ထိုင်းအစိုးရအနေဖြင့် နေရပ်ပြန်ခြင်းကို အားမပေးလိုသောကြောင့် သင်္ကြန်ကာလတွင် နေရပ်ပြန်မည့် အလုပ်သမားများကိုလည်း ယခင်ကလို ၁လမပြည့်လျှင် ထိုင်း Re entry Visaကို ကင်းလွတ်ခွင့်ပေးမည် မဟုတ်ဘဲ ထိုင်း ဘတ်ငွေ ၁၀၀၀ ကောက်ခံသွားမည်ဟု သိရသည်။

သင်္ကြန်ကာလတွင် အိမ်မပြန်သည့် အလုပ်သမားများကိုလည်း ကိုရိုနာဗိုင်းရပ်စ် ရောဂါကို ထိန်းချုပ်နိုင်သည့် အခြေအနေသို့ရောက်ရှိလာပါက ပိတ်ရက်များ ပြန်လည်ပေးရန် ထိုင်းလုပ်ငန်းရှင်များနှင့် အလုပ်သမားများ ညှိနှိုင်းဖြေရှင်းလျှက်ရှိကြောင်း သိရသည်။

ထိုင်းနိုင်ငံတွင် တရားဝင်  မြန်မာလုပ်သား ဦးရေ ၁၀သိန်းကျော်၊ မြန်မာ- ထိုင်းနှစ်နိုင်ငံ သဘောတူစာချုပ်ဖြင့် လုပ်ကိုင်နေသည့်လုပ်သားဦးရေ ၉သိန်းကျော်ရှိပြီး ယခုနှစ် သင်္ကြန်ကာလအတွင်း ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ ခေတ္တပြန်လာမည့် မြန်မာလုပ်သားဦးရေ လျော့နည်းနိုင်မည်ဟု မြန်မာသံရုံးမှ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly