ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးအမျိုးသမီးအဖွဲ့ခေါင်းဆောင်နော်အုန်းလှ ပြန်လည်လွတ်မြောက်

ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးအမျိုးသမီးအဖွဲ့ခေါင်းဆောင်နော်အုန်းလှ ပြန်လည်လွတ်မြောက်
ဓာတ်ပုံ - နော်အုန်းလှ

မတ်၊ ၁၆။                        ။ မြဝတီမြို့ ရွှေမြစန္ဒီအိမ်ရာစီမံကိန်းနှင့်ပတ်သက်၍ နစ်နာခဲ့သောပြည်သူများအားကူညီပေးခဲ့ရာမှ ငြိမ်း/စုစီပုဒ်မ (၂၀) ဖြင့်ထောင်ဒဏ် ၁လ ချမှတ်ခံခဲ့ရသည့် ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးအမျိုးသမီး အဖွဲ့ခေါင်းဆောင်နော်အုန်းလှနှင့် နစ်နာသူ ၃ဦးသည် မတ်လ ၁၆ရက်နေ့ မနက် ၆ နာရီမှာ ဘားအံအကျဉ်းထောင်ကနေလွတ်မြောက်ခဲ့ကြောင်း သိရသည်။

အခုလိုပြန်လည်လွတ်မြောက်လာတဲ့ နော်အုန်းလှအနေနဲ့ ကျန်းမာရေးအခြေအနေကောင်းမွန်သည်ဟုသိရပြီး ထောင်ထဲမှာလည်းအစစအရာရာအဆင်ပြေခဲ့ပေမယ့် ထောင်ဝင်စာ တွေ့ခွင့်မရရှိခဲ့ကြောင်း နော်အုန်းလှ ကပြော သည်။

“ထောင်ထဲမှာအန်တီ့ကို လာကြည့်မယ့်အန်တီ့မိတ်ဆွေတွေနဲ့လည်းတွေ့ခွင့်မရှိဘူးပေါ့နော်။  ဒါပေမယ့် တစ်လဆိုတော့လည်းမကြာပါဘူး။ ဘာမှမဖြစ်ဘူးပေါ့နော်။ ဒါပေမယ့် အန်တီတို့အခွင့်အရေးအရကြည့်မယ်ဆိုရင် ထောင် ဝင်စာမတွေ့ရဘူးပေါ့နော်။ အစပဲတွေ့ရတယ် နောက်အပတ်တွေကျတော့ မတွေ့ရတော့ဘူးပေါ့နော်။”ဟု ပြောသည်။

ငြိမ်းချမ်းစွာစုဝေးခွင့်နှင့်စီတန်းလှည့်လည်ခွင့်ဥပဒေပုဒ်မနဲ့ထောင်ဒဏ်ချမှတ်ခံခဲ့ရတဲ့အပေါ်မှာ အယူခံဝင်ခဲ့ပေမယ့် မအောင်မြင်ခဲ့တဲ့အပေါ် နော်အုန်းလှက အခုလိုပြောသည်။

“ဥပဒနဲ့အညီဆိုရင်ရမယ့်ကိစ္စတစ်ခုကို ဥပဒေနဲ့အညီမလုပ်တာက ဌာနဆိုင်ရာတွေလည်း တရားရေးနဲ့အညီ အလုပ်မလုပ်တာလို့မြင်တယ်”ဟု ပြောသည်။

နော်အုန်းလှအနေနဲ့ နစ်နာတဲ့ပြည်သူတွေနဲ့ မတရားမှုတွေခံခဲ့ရတဲ့အမျိုးသမီးတွေဘက်ကနေ ရှေ့ဆက်ပြီးလည်း အကူညီပေးသွားဖို့ရှိကြောင်း သိရသည်။

ထို့အပြင် ပြီးခဲ့တဲ့ဩဂုတ်လက ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံမှာပြုလုပ်ခဲ့တဲ့ ကရင်အာဇာနည်နေ့အခမ်းနား ကြောင့် ငြိမ်းစုစီပုဒ်မနဲ့ ထပ်မံတရားစွဲဆိုခံထားရတဲ့အမှုကို ပြီးဆုံးသွားအောင်လုပ်ဆောင်ဖို့ရှိတယ်လို့ နော်အုန်းလှ ကပြောသည်။

“ အန်တီ့အမှုကိစ္စတွေကိုပြီးဆုံးအောင်ဆောင်ရွက်ရမှာရှိတယ်။ ပြီးခဲ့တဲ့ဩဂုတ်လကလုပ်ခဲ့တဲ့ ကရင်အာဇာနည်နေ့ ကိစ္စနဲ့ပတ်သက်တဲ့အမှုကိုလည်းဆက်သွားမယ်။ အန်တီ့ဘက်က ဥပဒေနဲ့မညီတာတွေတစ်ခုမှမ လုပ်ခဲ့တာ ဖြစ်တဲ့ အတွက် ဒီအမှုတွေကိုအဆုံးထိသွားမှာပါ။ ဒီမြဝတီအမှုကိုလည်း အန်တီအဆုံးထိသွားမှာပါ။

နော်အုန်းလှဟာ ကရင်အမျိုးသမီးအစည်းအရုံး (KWU)ရဲ့ ဥက္ကဋ္ဌတစ်ဦးဖြစ်တဲ့အပြင် ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေး အမျိုးသမီးအဖွဲ့ရဲ့ခေါင်းဆောင်တစ်ဦးလည်းဖြစ်သည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly