COVID-19 ကြောင့် ရုပ်ရှင်ရုံများ ပိတ်ပြီ

ရန်ကုန်၊ မတ် ၁၆။             ။ ပြန်ကြားရေးဝန်ကြီးဌာနမှ ရုပ်ရှင်ရုံများပိတ်ထားရန် ညွှန်ကြားထားသောကြောင့် ရုပ်ရှင်ရုံများကို ယနေ့ မတ်လ ၁၆ ရက်နေ့မှစပြီး ခေတ္တပိတ်သိမ်းလိုက်ပြီဖြစ်ကြောင်း ရုပ်ရှင်လုပ်ငန်းစုအသီးသီး က တရားဝင်ထုတ်ပြန်လိုက်သည်။

 JCGV ရုပ်ရှင်ရုံလုပ်ငန်းနှင့် မင်္ဂလာရုပ်ရှင်ရုံအုပ်စုလက်အောက်က ရုပ်ရှင်ရုံများအားလုံးကို ယနေ့ မတ်လ ၁၆ ရက်နေ့မှစပြီး ခေတ္တပိတ်သိမ်း လိုက်ပြီဖြစ်ကြောင်းရုပ်ရှင်ကြည့်ပရိသတ်များကိုအသိပေးထုတ်ပြန်ထားသည်။

မင်္ဂလာရုပ်ရှင်ရုံမှ တာဝန်ရှိသူတစ်ဦးက“ပထမကတော့ ကျွန်တော်တို့ ညွှန်ကြားချက်မရောက်သေးလို့။ အခုတော့ ကျွန်တော်တို့ လူမှုကွန်ယက်စာမျက်နှာမှာ တရားဝင်ကြေညာလိုက်ပါပြီ” ဟုပြောသည်။

JCGV ရုပ်ရှင်ရုံလုပ်ငန်းကလည်း COVID-19 မဖြစ်ပွားစေရေး ကြိုတင်ကာကွယ်ရန် သက်ဆိုင်ရာဌာနများ၏ ညွှန်ကြားချက်အရ နေပြည်တော်၊ မန္တလေး၊ ရန်ကုန်နှင့် မော်လမြိုင်မြို့များရှိ JCGV ရုပ်ရှင်ရုံများကို ခေတ္တပိတ် ထားမည်ဖြစ်ကြောင်းနှင့် ရုပ်ရှင်ရုံများပြန်လည်ဖွင့်လှစ်ခြင်းကိုလည်း ညွှန်ကြားချက်အတိုင်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်လိုက်သည်။

COVID-19 ရောဂါအတည်ပြုလူနာမြန်မာနိုင်ငံတွင် မရှိသေးသော်လည်း ရောဂါရှိနေသူ(သို့မဟုတ်) ရောဂါလက္ခဏာမပြသေးသော်လည်း ရောဂါရှိနေသူတစ်ဦးထံမှ လူအများသို့ ကူးစက်ခြင်း မဖြစ်ပွားစေရန် လူစုလူဝေး ပွဲလမ်းသဘင်များကို ရှောင်ကြဉ်ရန် ကျန်းမာရေးဝန်ကြီးဌာနက တိုက်တွန်းထားသည်။ ကမ္ဘာတစ်ဝှမ်းဖြစ်ပွားပျံ့နှံ့နေပြီး WHO က ကမ္ဘာ့ကပ်ရောဂါအဖြစ်သတ်မှတ်ထားသည့် COVID-19 ရောဂါကြောင့် မြန်မာနိုင်ငံတွင် သင်္ကြန်မဏ္ဍပ်များနှင့် လူစုလူဝေးပွဲလမ်းသဘင်များကို မပြုလုပ်ကြရန်လည်း မကြာသေးခင်အချိန်က အစိုးရက ထုတ်ပြန်လိုက်ပြီ ဖြစ်သည်။

မတ်လ ၁၆ ရက်မနက်သတင်းများအရ COVID-19 ရောဂါကြောင့် ကမ္ဘာတစ်ဝှမ်းကူးစက်ခံရသူ ၁၆၉၃၈၇ ဦးနှင့် သေဆုံးသူ ၆၅၁၃ ဦးရှိပြီဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly