အမေရိကန်၌ မေထုံမဲ့မျိုးပွားနည်းဖြင့် ကိုမိုဒိုနဂါး သုံးကောင်ပေါက်ဖွား

အမေရိကန်၌ မေထုံမဲ့မျိုးပွားနည်းဖြင့် ကိုမိုဒိုနဂါး သုံးကောင်ပေါက်ဖွား

မတ် ၁၅။                ။ အမေရိကန် တန်နက်ဆီပြည်နယ်ရှိ Chatanooga တိရစ္ဆာန်ဥယျာဉ်၌ ဧရာမဖွတ်အမျိုးအစားဖြစ်သည့် Charlie ဟုခေါ်သည့် ကိုမိုဒိုနဂါးအမတစ်ကောင်သည် မေထုံမဲ့မျိုးပွားနည်းဖြင့် အကောင်ပေါက် လေးသုံးကောင် မွေးနိုင်ခဲ့ကြောင်းသိရသည်။

Charlie နှင့် Kadal ခေါ်အထီးတစ်ကောင်တို့ကို သားစပ်နိုင်ရန် အတူထားခဲ့သော်လည်း ကိုမိုဒိုနဂါးအမသည် ပထမဆုံးအကြိမ်အဖြစ် Onyx ၊ Jasper နဲ့ Flint ဟု အမည်ပေးထားသည့် ကိုမိုဒိုနဂါးသုံးကောင်ကို မေထုံမဲ့ မျိုးပွားနည်းဖြင့် ဥလွယ်ကာ မွေးဖွားခဲ့ခြင်းဖြစ်သည်။

ကမ္ဘာ၌ မေထုံမဲ့မျိုးပွားနိုင်သော ကျောရိုးရှိသတ္တဝါမျိုးစိတ် (၇၀) ခန့်သာ ရှိပြီး ကျောရိုးရှိသတ္တဝါများအားလုံးအနက် (ဝ.၁) ခန့်သာ ထိုသို့စွမ်းဆောင်နိုင်သဖြင့် ရှားပါးသောဖြစ်ရပ်ဖြစ်သည်ဟု အမေရိကန်သိပ္ပံပညာရှင်များက ဆိုကြသည်။

ကိုမိုဒိုနဂါးအကောင်ပေါက်လေးများကို ဩဂုတ်လနှောင်းပိုင်းကမွေးဖွားခဲ့ကာ Charlie  နှင့် Kakal အကြား အောင်မြင်စွာသားစပ်နိုင်ခဲ့ခြင်းရှိ ၊မရှိ အတည်မပြုနိုင်ခဲ့တာကြောင့် DNA စမ်းသပ်မှုပြုလုပ်ခဲ့ကြခြင်းဖြစ်သည်။

ကိုမိုဒိုနဂါးအမများသည် WZ ခရိုမိုဇုန်းကိုသယ်ဆောင်ပြီး အထီးများက ZZ ခရိုမိုဇုန်းကို သယ်ဆောင်ကြသည်။ မေထုံမဲ့မျိုးပွားမည်ဆိုပါက အမသည် WW သို့မဟုတ် ZZ ခရိုမိုဇုန်းဥများသာဥနိုင်မှာဖြစ်ပြီး WW များက မျိုးမအောင်သောကြောင့် အထီးများဖြစ်လာမည့် ZZ ခရိုမိုဇုန်းသယ်ဆောင်သော ဥများသာ ကျန်နေမည်ဖြစ်သည်ဟု တိရစ္ဆာန်ရုံမှတာဝန်ရှိသူများက ပြောသည်။

ကိုမိုဒိုနဂါးအမများသည် မေထုံနည်းအရကော မေထုံမဲ့နည်းဖြင့်ပါ မျိုးပွားနိုင်ကြသည်။ အဘယ်ကြောင့်ဆိုသော ထိုဖွတ်သတ္တဝါများသည် တောထဲတွင် သီးခြားစီနေလေ့ရှိကြပြီး တစ်ကောင်နှင့်တစ်ကောင် အနေနီးပါက ရန်လိုတိုက်ခိုက်ကြသောကြောင့်ဖြစ်သည်။

ကိုမိုဒိုနဂါးများသည် မျိုးသုဉ်းပျောက်ကွယ်နိုင်သည့် တိရစ္ဆာန်စာရင်း၌ပါဝင်နေသောကြောင့် အဆိုပါအကောင်ပေါက်လေးများသည် များစွာထူးခြားပြီး ၎င်းတို့မျိုးစိတ်အနာဂတ်ကို ကိုယ်စားပြုကြောင်း Chattanooga တိရစ္ဆာန်ရုံဥက္ကဋ္ဌဖြစ်သူ Kardenelle Long က ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly