လက်နက်ကျည်သင့်၍ ပလက်ဝမြို့နယ်အတွင်း ခြောက်ဦးသေ၊ ၁၂ ဦး ဒဏ်ရာရ

လက်နက်ကျည်သင့်၍ ပလက်ဝမြို့နယ်အတွင်း ခြောက်ဦးသေ၊ ၁၂ ဦး ဒဏ်ရာရ
ပုံ - ချစ်မင်းထွန်း

မတ်လ ၁၄ ရက်။            ။ ချင်းပြည်နယ် ပလက်ဝမြို့နယ်တွင်း တပ်မတော်နှင့် အေအေတို့ တိုက်ပွဲများဖြစ်ပွားနေခဲ့ပြီးနောက် အရပ်သား ခြောက်ဦးသေဆုံးသွားပြီး ဒဏ်ရာရသူ ၁၂ ဦးရှိခဲ့ကြောင်း ဒေသခံများက မဇ္ဈိမသို့ ဆက်သွယ်ပြောကြားသည်။

ပလက်ဝမြို့နယ်တွင်းရှိ မီးစာဝ (၂) နှင့် မီးစာ၀ (၃) ကျေးရွာများတွင် နံနက် ၁၁ နာရီခန့်က လက်နက်ကျည်ထိမှန်၍ အမျိုးသား ငါးဦးနှင့် အမျိုးသမီး တစ်ဦးသေဆုံးသွားခဲ့သည်ဟု မီးစာဝဒေသခံ တစ်ဦးက တယ်လီဖုံးမှတ ဆင့်ပြောသည်။ အာဏာပိုင်များက အရေးယူခံရမည်ကို စိုးရိမ်၍ အမည်မဖော်ပြန်ရန် သူက မေတ္တာရပ်ခံထားသည်။

သေဆုံးသူများမှာ မီးစာ၀ (၂) နေ မောင်မိုးနိုင်၊ ဦးအင်္ဂါ၊ မောင်အောင်မင်းစိန်၊ မောင်မျိုးချစ်ဆွေနှင့် မီးစာ၀ (၃) မှ ဒေါ်မေမေနှင့် မဇူးဇူးတို့ဖြစ်သည်ဟု ဒေသခံက ပြောသည်။

တပ်မတော်တိုက်လေယာဉ်က ပစ်ခတ်မှုကြောင့် သေဆုံး၊ ဒဏ်ရာရခြင်းဖြစ်ကြောင်း သူတို့က ပြောသည်။ ဒဏ်ရာရသူများကို ဆမီးတိုက်နယ်ဆေးရုံသို့ပို့ထားသည်ဟု ဆိုသည်။ အဆိုပါကျေးရွာများတွင် ဆေးလုပ်သားရှိကာ ဆေးဆိုင်ရှိသော်လည်း ဆေးဝါးများ ပြတ်တောက်နေသည်ဟု ဆိုသည်။

လုံခြုံရေးအခြေအနေကြောင့် လိုင်းပြေးဆွဲနေသော စက်လှေများ ပြေးဆွဲနိုင်ခြင်းမရှိခြင်းက ဆေးဝါးများ ကျောက်တော်သို့သွားမဝယ်နိုင်ဘဲ ဖြစ်နေသည်။

ယခုအရပ်သားများသေဆုံးပုံနှင့် ပတ်သက်၍ မဇ္ဈိမက သီးခြားအတည်ပြုချက် ရယူနိုင်ခြင်း မရှိပါ။ သို့သော် ကျေးရွာများအနီး ယမန်နေ့ ဒီဇင်ဘာ ၁၃ ရက်နေ့က တပ်မတော်နှင့် အေအေတို့အကြား တိုက်ပွဲဖြစ်ခဲ့သည်ကို မဇ္ဈိမ အနေဖြင့် အတည်ပြုနိုင်ခဲ့သည်။

တပ်မတော်က ပစ်ခတ်မှုကြောင့်ဆိုခြင်းအပေါ် တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဒုဥက္ကဌ ဗိုလ်ချုပ်ထွန်းထွန်းညီကတော့ ငြင်းဆိုသည်။

“တပ်မတော်က ပြည်သူလူထုမထိခိုက်အောင် ပြည်သူလူထုကို အကာအကွယ်ပေးနေတာ။ ကျွန်တော်တို့ လုပ်တဲ့အတွက်ကြောင့် သေတယ်ဆိုတာမျိုးကတော့ မဟုတ်ပါဘူး။ ရွာတွေကို အေအေက ပစ်၊ တပ်က ပစ်လို့ သေတယ် ပြော အဲဒီလိုမျိုးတွေ ဖြစ်နေကြတာပါ။ ”ဟု ဗိုလ်ချုပ်ထွန်းထွန်းညီက ပြောသည်။

ယခုအဖြစ်အပျက်နှင့်ပတ်သက်၍ မသိရှိရသေးကြောင်း အေအေအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required