တရုတ်နိုင်ငံ၏စီးပွားရေးအပေါ် Covid-19 ကူးစက်ရောဂါ၏ အကျိုးသက်ရောက်မှု

တရုတ်နိုင်ငံ၏စီးပွားရေးအပေါ် Covid-19 ကူးစက်ရောဂါ၏ အကျိုးသက်ရောက်မှု

မတ် ၁၄။              ။ တရုတ်အစိုးရသည် နိုင်ငံ့စီးပွား အထိနာနေပြီးသားဖြစ်သည်ကို ကောင်းကောင်း သိနှင့်ပြီးဖြစ်သည့်အတွက် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုဒဏ်ခံနေရသော်လည်း ၂၀၂၀ ၌ ၎င်းတို့၏ စီးပွားရေးနှင့်လူမှုဆိုင်ရာတိုးတက်ဖွံ့ဖြိုးမှုများ ပြည့်မီနိုင်ကြောင်း ထပ်လောင်းအတည်ပြုခဲ့ကြသည်။ Covid-19 ကြောင့်ဖြစ်သည့် တရုတ်နိုင်ငံ၏ စီးပွားရေးထိခိုက်မှုအတိုင်းအတာသည် ကမ္ဘာ့နိုင်ငံများကိုပါ သက်ရောက်သည်။

ထောက်ပံ့ဖြည့်ဆည်းမှုကွင်းဆက် အကြီးအကျယ်အဟန့်အတားဖြစ်မှုက တရုတ်စီးပွားရေးအခြေအနေကို အကျဘက်သို့ ဦးတည်စေမည်ဖြစ်ပြီး ထိုမှတစ်ဆင့် ကမ္ဘာ့စီးပွားရေးပုံရိပ်ကိုပါ ထိခိုက်ပေလိမ့်မည်။

တရုတ်ထိပ်ပိုင်းခေါင်းဆောင်များသည် ၂၀၂၀ အတွက် အထွေထွေစီးပွားရေးဆိုင်ရာစီမံချက်များကို Central Economic Work ညီလာခံ၌ ၂၀၁၉ ခုနှစ် ဒီဇင်ဘာက အတည်ပြုပြောကြားခဲ့သည်။  အဆိုပါအစီအစဉ်ကို အမေရိ ကန်နှင့် ပထမအဆင့် ကုန်သွယ်ရေးဆိုင်ရာသဘောတူညီချက်ရေးထိုးသည့် ၂၀၂၀ ခုနှစ် ဇန်နဝါရီ ၁၅ ရက် မတိုင်မီနှင့် Covid-19 ကူးစက်မှုမဖြစ်ပွားခင်က ပြောကြားခဲ့ခြင်းဖြစ်သည်။

အမျိုးသားကွန်ဂရက်အစည်းအဝေးကျင်းပမည့်ရက်ကို ရွှေ့ဆိုင်းလိုက်ခြင်းက နိုင်ငံအပေါ် ကိုရိုနာဗိုင်းရပ်စ် သက်ရောက်မှုကို အရိပ်အခြည်ပြလျက် ၎င်းကိုယ်တိုင် သိသိသာသာ တပ်ဆုတ်ပြလိုက်ခြင်းဖြစ်သည်။

ပထမဆုံးအချက်အနေဖြင့် တရုတ်စီးပွားရေးလုပ်ငန်းများသည် နှစ်သစ်ကူးအားလပ်ရက်ပြီးကတည်းက လုပ်ငန်းပြန်စရန် အခက်ကြုံနေကြရသည်။ ထို့ပြင် တရုတ်တွင် စက်မှုလုပ်ငန်းများ လည်ပတ်မှုမရှိခြင်းနှင့် တရုတ် စီးပွားရေးသမားများကို နိုင်ငံအချို့က အသွားအလာကန့်သတ်မှုများ လုပ်လိုက်ခြင်းက တရုတ်၏ နိုင်ငံခြားကုန်သွယ်မှု အထူးသဖြင့် ပို့ကုန်လုပ်ငန်းကို ထိခိုက်လျက်ရှိသည်။ အလားတူ နိုင်ငံပိုင်လုပ်ငန်းများနှင့် တရုတ်ကုန် သည်ကြီးများအသင်းတို့က လိုအပ်သော လူသုံးကုန်များကို ကမ္ဘာတစ်လွှားမှ ဝယ်ယူနေရ၍ သွင်းကုန်တန်ဖိုးများ မြင့်တက်လျက်ရှိသည်။  

Covid-19 ပျံ့နှံ့မှုအပေါ် အစိုးရက စိုးရိမ်သည့်အတွက် သယ်ယူပို့ဆောင်ရေးလုပ်ငန်းများကို ကန့်သတ်ခဲ့ခြင်းကလည်း အဆိုးရွားဆုံးစီးပွားရေးအခက်အခဲများအနက် တစ်ခုဖြစ်ပြီး ကြီးမားကျယ်ပြန့်သော ထောက်ပံ့ဖြည့် ဆည်း မှုကွင်းဆက်ကို အနှောက်အယှက်ဖြစ်စေခဲ့သည်။ တရုတ်နှစ်သစ်ကူးအပြီး၌ ခရီးသွားလာမှုမှတ်တမ်းကိန်းဂဏန်းများအရ (၇၈) ရာခိုင်နှုန်း ကျဆင်းသွားကြောင်းတွေ့ရပြီး  ရွှေ့ပြောင်းအလုပ်သမားများ မူလလုပ် ငန်းခွင်သို့ ပြန်လည်ဝင်ရောက်မှု ကြန့်ကြာနေကြောင်း သာဓကပြလျက်ရှိသည်။

ဖေဖော်ဝါရီ ၂၀ ရက်အထိ တရုတ်၏ စွမ်းအင်သုံးစွဲမှုတွင် (၆၀) ရာခိုင်နှုန်းအထိ နေရာယူထားသည့် ကျောက်မီးသွေးအသုံးပြုမှုသည် ယခုနှစ်အစောပိုင်းကာလကနှုန်းထက် (၃၈) ရာခိုင်နှုန်း ကျဆင်းသွားခဲ့သည်။

နိုင်ငံတစ်ဝှမ်း သယ်ယူပို့ဆောင်ရေးကဏ္ဍကိုနှိုင်းယှဉ်ကြည့်ပါကလည်း ပိုမိုဆုတ်ယုတ်လာသည်ကိုတွေ့ရှိရပြီး နှစ်သစ်ကူးပိတ်ရက်အပြီး ရွှေ့ပြောင်းအလုပ်သမား သန်း (၃၀၀) ခန့်ကို လုပ်ငန်းခွင်စက်ရုံများသို့ ပြန်လာရန် များစွာ အခက်အခဲဖြစ်စေခဲ့သည်။

အထူးသဖြင့် ဗိုင်းရပ်စ်ဒဏ်ပြင်းပြင်းထန်ထန်ခံရသည့် ဝူဟန်နှင့် ဟူပေပြည်နယ်ကဲ့သို့သော နေရာများကို သွားရောက်ခဲ့သည့်လူများအား (၁၄) ရက်စောင့်ကြည့်စစ်ဆေးမှု ပြုလုပ်ပေးလျက်ရှိသည်။ ရွှေ့ပြောင်းအလုပ်သမားကို အသွားအလာကန့်သတ်ခြင်းနှင့်အတူ ဒေသန္တရအစိုးရ၏ တင်းကျပ်သော အုပ်ချုပ်ရေးဆိုင်ရာလုပ်ထုံးလုပ်နည်းများကြောင့် ၎င်းဒေသများတွင် စီးပွားရေးလှုပ်ရှားမှုများ မရှိသလောက်နည်းသွားခဲ့ပြီး ခရီးသွားလုပ်ငန်း၊ လက် လီဖြန့်ချိမှု၊ စားသောက်ဆိုင်၊ ဧည့်ခံပွဲ၊ ဖျော်ဖြေပွဲနှင့် သယ်ယူပို့ဆောင်ရေးလုပ်ငန်းကဲ့သို့သော ကဏ္ဍများကို ဆိုးဆိုးရွားရွား သက်ရောက်လျက်ရှိသည်။

အလုပ်သမားများမှာ လုပ်ငန်းခွင်သို့ ပြန်လည်ဝင်ရောက်နိုင်ခြင်းမရှိဘဲ Covid-19 ကြောင့် စီးပွားရေးလုပ်ငန်း၌ ထုတ်ကုန်များလျော့နည်းလာသည့် လုပ်ငန်းများအနက် အလီဘာဘာလုပ်ငန်းစုကြီးလည်း တစ်ခုအပါအဝင် ဖြစ်သည်။ ကိုရိုနာဗိုင်းရပ်စ်ဒဏ်ကို လက်လီရောင်းခြင်းနှင့်ဝန်ဆောင်မှုလုပ်ငန်းများသာ ခံစားရသည်မဟုတ်ဘဲ တရုတ်စီးပွားရေးတစ်ခုလုံးကိုပါ ဆိုးကျိုးသက်ရောက်ခဲ့သည်။

အပြန်လှန်အားဖြင့် ကမ္ဘာလုံးဆိုင်ရာ ထောက်ပံ့ဖြည့်ဆည်းမှုနှင့်တန်ဖိုးကွင်းဆက်များကိုပါ ရိုက်ခတ်ခဲ့သည်။  လေ့လာဆန်းစစ်သူတစ်ဦးအဆိုအရ တရုတ်သည် ကမ္ဘာ၌ အကြီးမားဆုံးကုန်သွယ်ရေးမိတ်ဖက်ဖြစ်ရုံသာမကဘဲ ကမ္ဘာ့ထောက်ပံ့ဖြည့်ဆည်းမှုကွင်းဆက်အတွက် ဗဟိုအချက်အချာဖြစ်လည်းဖြစ်သည်ဟု ဆိုသည်။  တရုတ်တို့သည် အနောက်တိုင်းအမှတ်တံဆိပ် ကား၊ စမတ်ဖုန်း စသည့် ဈေးကြီးထုတ်ကုန်များကို ဈေးသက်သာသည့် အခြေ ခံအုတ်ချပ်အဖြစ် ပြောင်းကာ ကုန်ကြမ်းပစ္စည်းများမှ လျှပ်စစ်ပစ္စည်းများတွင် အသုံးပြုသည့် အစိတ်အပိုင်းများအထိ ထုတ်လုပ်ပေးနေခြင်းဖြစ်သည်။ ဥပမာအားဖြင့် Apple သည် ဝင်ငွေ၏ (၁၅) ရာခိုင်နှုန်းကို ၎င်း၏ ထုတ်ကုန်အများအပြားထုတ်လုပ်ရာ တရုတ်နိုင်ငံမှ ရရှိနေခြင်းဖြစ်သည်။

Covid-19 ကြောင့် ကမ္ဘာ့စမတ်ဖုန်းထုတ်လုပ်မှုသည် ၂၀၂၀ ခုနှစ် ပထမသုံးလပတ်၌ မူလက မျှော်မှန်းထားသည်ထက် (၁၀) ရာခိုင်နှုန်း နိမ့်ကျနိုင်သည်ဟု တရုတ်သုတေသနကုမ္ပဏီဖြစ်သည့် TrendForce က ခန့်မှန်းထား သည်။  စမတ်နာရီ၊ notebooks၊ စမတ်စပီကာနှင့် ဗီဒီယိုဂိမ်း များတင်ပို့မှု၌လည်း ရာခိုင်နှုန်း ဆယ်ဂဏန်းခန့် နိမ့်ကျနိုင်ပြီး တီဗီတင်ပို့ရောင်းချမှုသည်လည်း ရောဂါကပ်မဆိုက်မီ ခန့်မှန်းချက်ထက် (၄.၅) ရာခိုင်နှုန်း ကျဆင်းဖွယ်ရှိသည်။

ဒေသန္တရအစိုးရများသည် နိုင်ငံပိုင်လုပ်ငန်းများကို Covid-19 ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာတာဝန်ဝတ္တရားများ ချမှတ်ပေးနေရခြင်းနှင့် လုပ်ငန်းတိုင်းကို အဆိုပါကူးစက်ရောဂါအတွက် စီမံချက်များအား တင်ပြခိုင်းနေခြင်း များက ပုံမှန်စီးပွားရေးအခြေအနေပြန်ရောက်ရန် ပိုမိုအခက်တွေ့စေသည်။ ထို့သို့လုပ်ဆောင်ရာ၌ ကြုံတွေ့ရသောအခက်အခဲများနှင့် စည်းမျည်းများအကောင်အထည်ဖော်ရာမှာ ငွေကြေးကုန်ကျမှုများက နိုင်ငံပိုင်လုပ်ငန်းများ ပြန်လည်စတင်ရန် အဟန့်အတားဖြစ်လျက်ရှိပြီး အုပ်ချုပ်ရေးဆိုင်ရာရုံးများသာ လုပ်ငန်းပြန်လည်စတင်နိုင်ကြသည်။

နိဂုံးချုပ်ဆိုရသော် Covid-19  သည် တရုတ်၏စီးပွားရေး အထူးသဖြင့် နိုင်ငံ့ GDP ၏ ၉၀ ရာခိုင်နှုန်းခန့် အကျုံးဝင်သည့် ဝန်ဆောင်မှုလုပ်ငန်းများနှင့်စက်မှုကဏ္ဍများအပေါ်  ၂၀၂၀ ခုနှစ် ပထမသုံးလပတ်၌ အနုတ်သဘော သက်ရောက်နေမည်သာဖြစ်သည်။ စီးပွားရေးပြန်လည်ဦးမော့လာရန်မှာ တိုင်းပြည်နဂိုအခြေအနေပြန်လည်ရောက်ရှိနိုင်မှုအပေါ်မူတည်နေပြီး မည်သည့်အချိန်၌ ထိုသို့ဖြစ်လာမည်ကိုမူ တိတိကျကျ မပြောနိုင်ပေ။

(Jan Lehman မှာ ကလောင်နာမည်ဖြစ်ပြီး အာရှရေးရာကျွမ်းကျင်သူတစ်ဦးဖြစ်သည်။)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly