ပျော်ဘွယ်မြို့နယ် ပြည်ခိုင်ဖြိုးအမတ်ကို ထောင်ဒဏ်ခြောက်လချမှတ်

ပျော်ဘွယ်မြို့နယ် ပြည်ခိုင်ဖြိုးအမတ်ကို ထောင်ဒဏ်ခြောက်လချမှတ်
Photo Credit - ဉာဏ်လှိုင်

မတ်လ ၁၄။         ။ လူထုတွေ့ဆုံပွဲမှာ အစိုးရ၊ လွှတ်တော်နှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို မဟုတ်မမှန် ပြောကြားခဲ့သည်ဟုဆိုကာ ပျော်ဘွယ်မဲဆန္ဒနယ်အမှတ်(၁) တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးတင်စိုး ကို ပျော်ဘွယ်မြို့နယ် တရားရုံးက မတ်လ ၁၃ ရက်က ထောင်ဒဏ်ခြောက်လ  ချမှတ်လိုက်သည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ပျော်ဘွယ်မြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးတင်စိုးသည် ၂၀၁၈ ခုနှစ် နိုဝင်ဘာလအတွင်း ကြည်တည်ကျေးရွာမှာ ပြုလုပ်သည့် လူထုတွေ့ဆုံပွဲမှာ အစိုးရ၊ လွှတ် တော်နှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်တို့ကို ပုတ်ခတ်ပြောဆိုသည့် ဗီဒီယိုဖိုင်ကို ရမည်းသင်းခရိုင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဥက္ကဋ္ဌ ဦးညီညီလွင်က တရားလိုပြုလုပ်ပြီး နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ)ဖြင့် တိုင်တန်းခဲ့တာလည်း ဖြစ်သည်။

“ ကျွန်တော်က ပုဂ္ဂိုလ်ရေးမုန်းတီးလို့ ပါတီကိုမုန်းတီးလို့ တရားစွဲတာမဟုတ်ဘူး။ မဟုတ်မမှန်တဲ့စကားကို ပြည်သူတွေ ထင်ယောင်ထင်မှားဖြစ်အောင် လုပ်ကြံပြီးတော့ အထောက်အထား ခိုင်မာမှုမရှိဘဲ ပြောဆိုခဲ့တဲ့ အတွက် တရားစွဲတာပါ” ဟု ဦးညီညီလွင် ကပြောသည်။

ဦးတင်စိုးမှာ ပြစ်မှုထင်ရှားသော်လည်း အသက်အရွယ်နှင့် ကျန်းမာရေးအခြေအနေအရ ပျော်ဘွယ်မြို့နယ် တရားရုံးက ထောင်ဒဏ် ၆လ ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းကပြောသည်။

“ ပြည်သူ့ကိုယ်စားလှယ်တစ်ယောက်ကို ပြစ်ဒဏ်ချလိုက်တာကတော့ ဒီမိုကရေစီခေတ် ဒီမိုကရေစီစနစ်မှာ အင်မတန်မှအံ့သြပါတယ်။ ကျွန်တော်တို့ ပြည်ခိုင်ဖြိုးလက်ထက်တုန်းက တစ်ဖက်ပါတီက ပြည်သူ့ကိုယ်စားလှယ်ကို အခုလို ပုဒ်မမျိုးနဲ့ ထောင်ချခဲ့တာ တစ်ခုမှမရှိခဲ့ဘူး” ဟု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ပြောခွင့်ရ ဦးသိန်းထွန်းဦး ကပြောသည်။

လက်ရှိမှာ အယူခံ ဆက်တက်မတက် ကာယကံရှင်နှင့်ဆွေးနွေးပြီးမှသာ ဆက်လက်လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ၎င်းကပြောသည်။

နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ၅၀၅(ခ)မှာ ပြစ်မှုထင်ရှားစီရင်ခြင်းခံရပါက ထောင်ဒဏ်နှစ် နှစ်အထိဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးကို ဖြစ်စေချမှတ်နိုင်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly