ကိုရိုနာဗိုင်းရပ်စ်ကြောင့် အမေရိကန်နိုင်ငံကို နှစ်လထက် ပို၍ ပိတ်ထားရပြီး အိမ်ကနေသာ အလုပ်လုပ်ကြရလိမ့်မည်ဟု သတိပေး

ကိုရိုနာဗိုင်းရပ်စ်ကြောင့် အမေရိကန်နိုင်ငံကို နှစ်လထက် ပို၍ ပိတ်ထားရပြီး အိမ်ကနေသာ အလုပ်လုပ်ကြရလိမ့်မည်ဟု သတိပေး

မတ်လ ၁၃။               ။ အမေရိကန်နိုင်ငံ တစ်ဝန်း လူသေစေနိုင်သော ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့လျက်ရှိရာ အကြီးတန်းကျန်းမာရေး တာဝန်ရှိသူတစ်ဦးက အမေရိကန်နိုင်ငံအနေဖြင့် နိုင်ငံကို နှစ်လနီးပါး သို့မဟုတ် ထို ထက်ပိုကာ ပိတ်ထားရပြီး အိမ်မှ အလုပ်လုပ်ကြရတော့မှာအတွက် ကြိုတင်ပြင်ဆင်ထားသင့်သည်ဟု သတိပေး ပြောဆိုသည်။

“ကောင်းလာဖို့ မရှိခင် ပိုပြီး ဆိုးလာဦးမှာက သေချာပါတယ်။”ဟု အမျိုးသားကျန်းမာရေး သိပ္ပံမှ ဒေါက်တာ အန်တိုနီဖူစီက Good Morning America နှင့် အင်တာဗျူးရာတွင် ပြောသည်။

နိုင်ငံအနှံ့က လူအဖွဲ့အစည်းအတွင်း ဗိုင်းရပ်စ် ကူးစက်မှု မြင့်မားနေခြင်းကြေင့် အမေရိကန်အနေဖြင့် သီတင်းရှစ်ပတ် သို့မဟုတ် ထိုထက်ပိုကာ နိုင်ငံကို ပိတ်ထားပြီး အိမ်မှ အလုပ်လုပ်ကြရသည်ကို ကြုံတွေ့ရလာနိုင်ကြောင်း ၎င်းက ဆက်လက်ပြောသည်။

ကိုရိုနာ ကူးစက်ဖြစ်ပွားမှုကို ကမ္ဘာရောဂါကပ်ဘေးအဖြစ် ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးက ကြေညာခဲ့ပြီး သမ္မတ ဒေါ်နယ်ထရမ့်ကလည်း အမေရိကန်နိုင်ငံသို့ ဥရောပမှ အမေရိကန်မဟုတ်သူများ ခရီးသွားလာရောက်ခြင်းအား ပိတ်ပင်လိုက်ပြီး ရက်အနည်းငယ်အတွင်း မတ် ၁၃ ရက် နံနက်ပိုင်းတွင် ယခု သတိပေးချက် ထွက်ပေါ်လာခြင်းပဲ ဖြစ်သည်။

ယခုလက်ရှိအထိ အမေရိကန်တွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူပေါင်း ၁၇၀၀ ကျော်ရှိကြောင်း အတည်ပြုထားပြီး ဖြစ်ပွားနှုန်းသည် ပို၍ မြင့်မားလာနိုင်သည်ဟု ဝေဖန်သူများက ပြောဆိုထားသည်။ စမ်းသပ်စစ်ဆေးသည့် ကိရိယာများ မလုံလောက်ခြင်းကြောင့် ဗိုင်းရပ်စ် ကူးစက်ခံထားရသူပေါင်း ပို၍ပို၍ များနိုင်ဖွယ် ရှိနေသည်ဟု တစ်ချို့သော သူများက မှတ်ချက်ပြု ပြောဆိုလာစေသည်။

ကိုရိုနာဗိုင်းရပ်စ်ကြောင့် အမေရိကန်နိုင်ငံတွင် ကူးစက်ဖြစ်ပွားမှု၏ ဗဟိုချက်ဖြစ်သော ဝါရှင်တန်ပြည်နယ်၌ လူ ၃၁ ဦး သေဆုံးကာ ကယ်လီဖိုးနီးယားတွင် လေးဦး၊ ဖလော်ရီဒါတွင် နှစ်ဦး၊ နယူးဂျာစီနှင့် ဂျော်ဂျီယာပြည်နယ် တို့တွင် တစ်ဦးစီ သေဆုံးခြင်းအပါအဝင် နိုင်ငံအတွင်း စုစုပေါင်း သေဆုံးသူ ၄၀ ရှိပြီဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly