ကိုရိုနာဗိုင်းရပ်စ် ပထမဆုံး ကူးစက်မှုအား ခြေရာကောက် ဖော်ထုတ်ခြင်း

ကိုရိုနာဗိုင်းရပ်စ် ပထမဆုံး ကူးစက်မှုအား ခြေရာကောက် ဖော်ထုတ်ခြင်း

မတ်လ ၁၄။               ။ နိုဗယ်ကိုရိုနာဗိုင်းရပ်ကြောင့် ဖြစ်သော Covid-19 ရောဂါပိုးအား တရုတ်နိုင်ငံမှ ကူးစက်ခံရသူတို့မှ ပထမဆုံး ကူးစက်ခံရမှုကို နိုဝင်ဘာ ၁၇ ရက်အထိ ခြေရာကောက်ထားနိုင်ကြောင်း South China Morning Post မှ တွေ့မြင်ခဲ့ရသည့် အစိုးရအချက်အလက်များအရ သိရသည်။

ပြီးခဲ့သည့် နှစ်က ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ အနည်းဆုံး ၂၆၆ ဦး ရှိသည်ဟု တရုတ်အာဏာပိုင်များက အတည်ပြုထားပြီး ၎င်းတို့ အားလုံးကို တစ်နေရာတည်းတွင် ဆေးဝါးစောင့်ကြည့်မှု လုပ်ဆောင်ခဲ့ရာ ဓာတ်ခွဲခန်း နမူနာ စမ်းသပ်မှုများအရ တစ်ချို့သည် ယင်းမတိုင်ခင် ကာလအတော်ကြာက ဗိုင်းရပ်စ်ကူးစက်ခြင်း ခံခဲ့ရဖွယ် ရှိနေသည်။

အင်တာဗျူးခဲ့ရသော ကျန်းမာရေးအသိုင်းအဝန်းမှ ဖော်ကောင်များက တရုတ်ဆရာဝန်များသည် ၎င်းတို့ ရင်ဆိုင်နေရသည်မှာ ရောဂါသစ်တစ်မျိုးဖြစ်သည်ကို ဒီဇင်ဘာနှောင်းပိုင်းမှသာလျှင် သိရှိသွားခဲ့ကြခြင်းဖြစ်သည်ဟု မှတ်ချက်ပြု ပြောကြသည်။

ကမ္ဘာ့ကျန်းမာရေး ကပ်ဆိုက်ကာလအဖြစ် ကူးစက်မဖြစ်ပွားမီ နှစ်လအလို ဇန်နဝါရီလ၌ တရုတ် ဝူဟန်မြို့တွင် ယင်း ဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားချိန်ကစ၍ သိပ္ပံပညာရှင်များသည် Covid-19 ၏ အစောပိုင်း အဆင့်ဆင့် ကူးစက်ဖြစ်စဉ်ကို မြေပုံဆွဲထုတ်နိုင်ရန် ကြိုးစားလျက်ရှိနေကြသည်။

ဗိုင်းရပ်စ် မည်သို့ ပျံ့နှံ့သည်ကို နားလည်ခြင်း၊ ဗိုင်းရပ်စ် မည်သို့ ငုပ်လျှိုးနေသည်ကို ဖော်ထုတ်နိုင်ခြင်းနှင့် မှတ်တမ်းမတင်နိုင်ခဲ့သည့် ဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုတို့ကို သိရှိရခြင်းတို့သည် ဗိုင်းရပ်စ်၏ ခြိမ်းခြောက်မှု ပမာဏကို နားလည်နိုင်ရန် အတော်လေး အထောက်အကူ ဖြစ်စေလိမ့်မည် ဖြစ်သည်။

တွေ့မြင်ခဲ့ရသည့် အစိုးရ၏ အချက်အလက်များအရ ဟူပေးပြည်နယ်မှ အသက် ၅၅ နှစ်အရွယ် လူတစ်ဦးသည် နိုဝင်ဘာ ၁၇ ရက်တွင် Covid-19 ကူးစက်ခံထားရသော ပထမဆုံး လူပုဂ္ဂိုလ် ဖြစ်နိုင်သည်။

ရှေ့ဆက် ရရှိသော အချက်အလက်များအရ နောက်ပိုင်းတွင် တစ်နေ့လျှင် လူတစ်ဦးမှ ငါးဦးအထိ ဗိုင်းရပ်စ် ကူးစက်မှုများကို တွေ့ရှိလာရသည်။ ဒီဇင်ဘာ ၁၅ ရက်အထိ စုစုပေါင်း ကူးစက်သူ အရေအတွက်သည် ၂၇ ဦး အထိ ရှိလာရာ ဒီဇင်ဘာ ၁၇ ရက်တွင် ကိန်းဂဏန်း နှစ်ဆတိုးခဲ့ပြီး ဒီဇင်ဘာ ၂၀ တွင် စုစုပေါင်း အတည်ပြုနိုင်သည့် ဦးရေနှုန်းထားသည် ၆၀ အထိ ရောက်ရှိခဲ့သည်။

ဒီဇင်ဘာ ၂၇ ရက်တွင် ဟူပေးပြည်နယ် တရုတ်နှင့် အနောက်တိုင်း ဆေးဝါး ပေါင်းစည်းမှု ဆေးရုံမှ ဆရာဝန်တစ်ဦးဖြစ်သူ ကျန်ကျိရှင်းက တွေ့ရှိသော ရောဂါသည် ကိုရိုနာဗိုင်းရပ်စ်သစ်ကြောင့် ဖြစ်ပွားခြင်း ဖြစ်သည်ဟု တရုတ် ကျန်းမာရေးအာဏာပိုင်များအား ပြောခဲ့သည်။ ယင်း နေ့ရက်အထိ ကူးစက်ဖြစ်ပွားသူပေါင်း ၁၈၀ ကျော် ရှိနေပြီဖြစ်သော်လည်း ဆရာဝန်များက ယင်းအချိန်တွင် သတိမပြုနိုင်သေးဘဲ ရှိခဲ့သည်။

၂၀၁၉ နောက်ဆုံးရက်တွင် ကူးစက်သည်ဟု အတည်ပြုခဲ့သည့် နှုန်းထားသည် ၂၆၆ ဦး ရှိခဲ့ပြီး ၂၀၂၀ ပထမဆုံးရက်တွင် ကူးစက်သူပေါင်း ၃၈၁ ဦးအထိ ရောက်ရှိခဲ့သည်။

လက်ရှိတွင် သိပ္ပံပညာရှင်များသည် patient zero ခေါ် ရောဂါမူလဘူတ စတင်ကူးစက်သူကို သိရှိနိုင်ရေး ကြိုးစားလျက် ရှိနေသည်။ ယင်းမှပင် ကိုရိုနာဗိုင်းရပ်စ်၏ ရင်းမြစ်ကို ခြေရာကောက်နိုင်မည် ဖြစ်သည်။

ယေဘုယျအနေဖြင့် တွေးဆထားသည်မှာ ယင်းဗိုင်ရပ်စ်သည် လူထံသို့ တောရိုင်းတိရစ္ဆာန် ဖြစ်နိုင်ခြေရှိသည်က လင်းနို့မှ လူသို့ ကူးစက်လာသည်ဟု တွေးဆထားသည်။

နိုဝင်ဘာလအတွင်းက ယင်းဗိုင်းရပ်စ် ပထမဆုံး ကူးစက်သည်ဟု တွေ့ရှိရသော အမျိုးသား လေးဦးနှင့် အမျိုးသမီး ငါးဦး စုစုပေါင်း ကိုးဦးတွင် ဗိုင်းရပ်စ်၏ မူလဇစ်မြစ်လူနာ ပါဝင်သည်ဟု အတည်ပြုထားသူ မရှိပေ။

၎င်းတို့အားလုံးသည် အသက် ၃၉ မှ ၇၉ ကြားရှိ အရွယ်များ ဖြစ်ပြီး ဗိုင်းရပ်စ်ကူးစက်မှု၏ ဗဟိုချက်ဖြစ်သော ဟူပေးပြည်နယ်၏ မြို့တော် ဝူဟန်မှ ဘယ်နှယောက်ပါသည်ကို မသိရပေ။

ယခု South China Morning Post မှ မြင်သိခွင့်ရသည့် ဗိုင်းရပ်စ် ကူးစက်မှု အစဆုံးရက်ထက် ပိုစောစွာ တွေ့ရှိထားမှုလည်း ရှိကောင်းရှိနေနိုင်သည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ၏ ဝက်ဘ်ဆိုက်အရ Covid-19 အား ပထမဆုံး အတည်ပြုနိုင်သည်မှာ တရုတ်နိုင်ငံတွင် ဒီဇင်ဘာ ၈ ရက်ကဟု ဖော်ပြထားသော်လည်း WHO အနေဖြင့် ယင်းဗိုင်းရပ်စ်ကို ကိုယ်တိုင် ခြေရာ ကောက်နိုင်ခြင်း မရှိသကဲ့သို့ နိုင်ငံများမှ ပေးသည့် သတင်းအချက်အလက်များပေါ်တွင်သာ မှီခိုအားထားနေရခြင်း ဖြစ်သည်။

အစောပိုင်းလူနာများအား ကုသပေးခဲ့သည့် ဝူဟန်မှ Jinyintan ဆေးရုံမှ တရုတ်ဆရာဝန်များ၏ The Lancet ဆေးပညာဂျာနယ်တွင် ဖော်ပြထားသည်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကို ပထမဆုံး သိရှိခြင်းသည် ဒီဇင်ဘာ ၁ ရက်က ဖြစ်သည်ဟု ဖော်ပြထားသည်။

ပထဆုံး ဖော်ကောင်ဟု သိထားသော ဒေါက်တာ Ai Fen နှင့် People မဂ္ဂဇင်းတို့၏ နောက်ပိုင်းတွင် ဆင်ဆာဖြတ်တောက်ခံရသည့် အင်တာဗျူးတစ်ရပ်တွင် ဝူဟန်ဗဟိုဆေးရုံတွင် လူနာတစ်ဦးအား ဒီဇင်ဘာ ၁၆ ရက်က ရောဂါစစ်ဆေး စမ်းသပ်ရာတွင် ထိုအချိန်က သိရှိသေးခြင်း မရှိသည့် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသည်ကို ပြသနေကြောင်း ဖော်ပြထားသည်။

အခြားသော ဆရာဝန်များ၏ မှတ်ချက်ပြု သဘောထားများအရ ဝူဟန်က ဆေးပညာအသိုင်းအဝိုင်းသည် ယင်းဗိုင်းရပ်စ်ကို ဒီဇင်ဘာနှောင်းပိုင်းမှ စတင်သတိပြုမိလာကြခြင်း ဖြစ်သည်ဟု ဆိုကြသည်။

ပြီးခဲ့သည့် သတင်းများအရလည်း ဝူဟန်မြို့မှ ဆရာဝန်များသည် ဒီဇင်ဘာနှောင်းပိုင်းတွင် သံသယရှိ လူနာများမှ ဓာတ်ခွဲခန်းနမူနာများကို စုယူနိုင်ခဲ့ကြသော်လည်း တရုတ် ရောဂါထိန်းချုပ်ရေးနှင့် တားဆီးကာကွယ်ရေး စင်တာ၏ အတည်ပြုချက် ရရေးကဲ့သို့သော ဗျူရိုကရေစီယန္တရား၏ ကြိုးနီစနစ် အထစ်အငေါ့များကြောင့် ၎င်းတို့၏ တွေ့ရှိချက်ကို အတည်မပြုနိုင်ခဲ့ဘဲ ဖြစ်ခဲ့ရသည်။

ထိုပြင် ၎င်းတို့ ဆရာဝန်များအား ရောဂါသစ်အကြောင်း မည်သည့် သတင်းအချက်အလက်ကိုမှ ပြည်သူကို မဖွင့်ချရန် အမိန့်ထုတ် ခံခဲ့ရခြင်းလည်း ရှိခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly