ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သည့် COVID-19 ကာကွယ်ထိန်းချုပ်ကုသရေးအမျိုးသားအဆင့်ဗဟိုကော်မတီဖွဲ့စည်း

ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သည့် COVID-19 ကာကွယ်ထိန်းချုပ်ကုသရေးအမျိုးသားအဆင့်ဗဟိုကော်မတီဖွဲ့စည်း
ပုံ - နိုင်ငံတော်အတိုင်ပင်ခံရုံး

မတ် ၁၃၊ ရန်ကုန်။          .။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သည့် COVID-19 ကာကွယ်ထိန်းချုပ်ကုသရေးအမျိုးသားအဆင့် ဗဟိုကော်မတီကို ဖွဲ့စည်းလိုက်ကြောင်း ယနေ့ မတ်လ ၁၃ ရက်နေ့ ရက်စွဲဖြင့် နိုင်ငံတော်သမ္မတရုံးက ထုတ်ပြန်ကြေညာသည်။

COVID-19 ကာကွယ်ထိန်းချုပ်ကုသရေးအမျိုးသားအဆင့် ဗဟိုကော်မတီတွင် နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ကော်မတီဝင် ၂၂ ဦးဖြင့်ဖွဲ့စည်းထားပြီး ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုအစိုး ရအဖွဲ့ရုံးအမြဲတမ်းအတွင်းဝန်များပါဝင်သည်။

 အဆိုပါကော်မတီအနေဖြင့် COVID-19 ကြောင့်ဖြစ်ပွားသော အဆုတ်ရောင်ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် ရောဂါစောင့်ကြပ်ကြီးကြည့်ရှုရေးလုပ်ငန်းများ၊ ပြည်သူလူထုနှင့် ခရီးသွားများကို အသိပညာပေးရန်၊ မီဒီယာများ မှ မှန်ကန်သော သတင်းများကို အချိန်နှင့် တစ်ပြေးညီထုတ်ပြန်နိုင်ရန်၊ ရောဂါကာကွယ်ကုသရန်နှင့် စောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းသုံးပစ္စည်းများကို အချိန်မီတင်သွင်းပံ့ပိုးရန် အစရှိသည့် လုပ်ငန်းဆောင်ရွက် နေမှုများ အပေါ် ကြီးကြပ်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က COVID-19 ရောဂါကို ကမ္ဘာလုံးဆိုင်ရာကပ်ရောဂါအဖြစ် မတ်လ ၁၁ ရက်နေ့က ကြေညာလိုက်ပြီးနောက် မြန်မာနိုင်ငံတွင် ဇန်နဝါရီ ၃ဝ ရက်က ဖွဲ့စည်းခဲ့သော COVID-19 ကြောင့် ဖြစ်ပွား သော အဆုတ်ရောင်ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အမျိုးသားအဆင့်ကော်မတီအဖြစ် မတ်လ ၁၃ ရက်နေ့တွင် တိုးမြှင့်ဖွဲ့စည်း လိုက်ခြင်း ဖြစ်သည်။

ဗဟိုကော်မတီ၏ ဆပ်ကော်မတီအနေဖြင့် COVID-19 ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေးလုပ်ငန်းကော်မတီကိုလည်း ဖွဲ့စည်းခဲ့သည်။

ဆပ်ကော်မတီမှာ COVID-19 ကြောင့် ကမ္ဘာတစ်ဝှမ်း ကုန်သွယ်မှုနှင့် ခရီးသွားလုပ်ငန်းများကျဆင်းနေသည့်အပေါ် အရေးပေါ်စီမံဆောင်ရွက်မည့်နည်းလမ်းများ၊ ကာလတို၊ ကာလရှည်ဆောင်ရွက်မည့်နည်းလမ်းများကို အစီ အစဉ်ရေးဆွဲဆောင်ရွက်ရန်၊ စက်ရုံအလုပ်ရုံများမှ အလုပ်သမားများ အလုပ်လက်မဲ့ဖြစ်စဉ်အတွင်း အလုပ်အကိုင်သစ်များ ဖော်ဆောင်ပေးရန်၊ ကုန်ကြမ်းပစ္စည်းများရရှိရေး တရုတ်နိုင်ငံတစ်နိုင်ငံတည်းကိုသာ အမှီပြုနေရ သည့်အစား အခြားနိုင်ငံများမှ ကုန်ကြမ်းပစ္စည်းများ ဖြန့်ခွဲရယူရန် ပြင်ဆင်ခြင်းအပါအဝင်လုပ်ငန်းတာဝန်များကို ဆောင်ရွက်ရန်ဖြစ်သည်။

COVID-19 ရောဂါသည် လူစုလူဝေးများပြားရာနေရာများတွင် လျှင်မြန်စွာကူးစက်နိုင်သောကြောင့် ယခုနှစ်သင်္ကြန်ပွဲတော်အတွက် မဏ္ဍပ်ဆောက်လုပ်ကျင်းပခြင်းအပါအဝင် လူစုလူဝေးပွဲလမ်းသဘင်များကို မတ်လ ၁၃ ရက်မှ ဧပြီလကုန်အထိ ရပ်ဆိုင်းထားရမည်ဖြစ်ကြောင်းလည်း နိုင်ငံတော်သမ္မတရုံးက မတ်လ၁၃ ရက် ရက်စွဲဖြင့် ကြေညာချက်ထုတ်ပြန်လိုက်သည်။ လိုအပ်ပါက  ရပ်ဆိုင်းကာလကို ထပ်မံတိုးမြှင့်သွားမည်ဖြစ်ကြောင်းလည်း  အဆိုပါထုတ်ပြန်ချက်တွင် ပါရှိသည်။

မြန်မာနိုင်ငံတွင် လက်ရှိအချိန်အထိ COVID-19 အတည်ပြုလူနာမရှိသေးကြောင်းနှင့် ပြည်သူလူထုအနေဖြင့် တိကျမှန်ကန်သည့် သတင်းများကိုသာ ယုံကြည်ကြရန်နှင့် ထုတ်ပြန်သည့် ဆောင်ရန်ရှောင်ရန်များကို လိုက်နာကြ ရန် ကျန်းမာရေးဝန်ကြီးဌာနက တိုက်တွန်းထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required