ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဆန်စပါးဈေးကွက် တည်ငြိမ်ရေး အစိုးရနှင့် ဆန်စပါးအသင်းချုပ် ဆွေးနွေး

ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဆန်စပါးဈေးကွက် တည်ငြိမ်ရေး အစိုးရနှင့် ဆန်စပါးအသင်းချုပ် ဆွေးနွေး
ပုံ- စပါးများကို ချွေနေခြင်း(ပုံ-MDN)

ရန်ကုန်၊ မတ်လ ၁၃။                ။ ကိုရိုနာဗိုင်းရပ်စ် (ခေါ်) COVID-19 ရောဂါကြောင့် ဖြစ်ပေါ်လာမည့် ဆန်စပါးဈေးကွက် အတက်/အကျကို ပုံမှန်အတိုင်း တည်ငြိမ်မှု ရှိစေရေး နိုင်ငံတော်အစိုးရဌာန၊ ဆန်စပါးကုန်သည်များ၊ ဆန်ဖြန့်ဖြူး ရောင်းချသူများ၊ ကုန်စည်ဒိုင်များ၊ ပြည်ပ သို့ တင်ပို့နေသော exporters များ တွေ့ဆုံ၍ ပူးပေါင်း ညှိနှိုင်းဆောင်ရွက်ရန် ဆွေးနွေးခဲ့ကြသည်ဟု မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်မှ ၂၀၂၀ ခုနှစ်၊ မတ်လ ၁၃ ရက်က ထုတ်ပြန်ခဲ့သည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)က COVID-19 ရောဂါကို ကမ္ဘာ့ကပ်ရောဂါအဖြစ် ကြေညာခဲ့ပြီးနောက် ပြည်သူလူထုများ သည် စားနပ်ရိက္ခာ အသုံးအဆောင်များအား ကြိုတင်စုဆောင်း ဝယ်ယူလာကြသည့်အတွက် ယခုလို ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်ဟု မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်က ပြောသည်။

အဆိုပါ ထုတ်ပြန်ချက်တွင် ဆန်စပါးအသင်းချုပ်အနေနှင့် ကိုရိုနာဗိုင်းရပ်စ် (ခေါ်) COVID-19 ၏ နေ့စဉ် ဖြစ်ပေါ် ပြောင်းလဲ နေမှုနှင့် ပြည်တွင်း/ပြည်ပ ဈေးကွက်များအပေါ် သက်ရောက်မှုကို အသင်းချုပ်အနေဖြင့် နေ့စဉ် လေ့လာသုံးသပ်ပြီး ဆန် စပါး ကုန်သည်များ၊ ဆန်ဖြန့်ဖြူး ရောင်းချသူများ၊ ကုန်စည်ဒိုင်များဖြင့် ညှိနှိုင်းဆွေးနွေးကာ ပြည်တွင်း ဆန်စပါး ဈေးကွက် တည်ငြိမ်စေရေးနှင့် ပြည်တွင်း ဆန်ဖူလုံစေရေးအလို့ငှာ ကြိုးပမ်း ဆောင် ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။

ထို့အပြင် ပြည်ပ တင်ပို့ ရောင်းချမှုကိုလည်း Exporter များနှင့် ညှိနှိုင်းဆွေးနွေးပြီး စနစ်တကျ စီမံဆောင်ရွက်နိုင်ရန် နိုင်ငံတော်အစိုးရအား အကြံပြု တင်ပြသွားမည်ဟု ထုတ်ပြန်ချက်ထဲတွင် ထည့်သွင်း ကြေညာထားသည်။

နိုင်ငံတော်အစိုးရနှင့် တခြားသော အဖွဲ့အစည်းများတွင်လည်း အရန်ဆန် စီစဉ်ထားမှုရှိပြီး လတ်တလောတွင် ပြည်တွင်းမှာ ဖြန့်ဖြူး ရောင်းချနေသည့် ဆန်ကုန်သည် စက်ပိုင်များ အနေနှင့် ပစ္စည်းမှန် ဈေးနှုန်းမှန်ဖြင့် ရောင်း ချနေခြင်းကြောင့် စိုးရိမ် ပူပန်စရာ အခြေအနေ မဟုတ်ကြောင်း အသိပေး ထုတ်ပြန်ထားသည်။

အထက်ပါ အခြေအနေများနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်သို့ မဇ္ဈိမက ဆက်သွယ် မေးမြန်းသော် လည်း အစည်းအဝေး လုပ်နေဆဲသာ ဖြစ်ကြောင်း ပြန်လည် ဖြေဆိုလာခြင်းကြောင့် တစ်စုံတစ်ရာ မသိရသေးပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required