“လွယ်ခမ်ကျေးရွာတွင်မူးယစ်ဆေးဖမ်းဆီးရရှိမှုနှင့်ပတ်သက်ပြီးတရားခံဖမ်းဆီးရမိရေးတပ်မတော်ဆောင်ရွက်နေဟုဆို”

By မေရည်ငြိမ်းချမ်း ၊ စိုးသူအောင်
13 March 2020
“လွယ်ခမ်ကျေးရွာတွင်မူးယစ်ဆေးဖမ်းဆီးရရှိမှုနှင့်ပတ်သက်ပြီးတရားခံဖမ်းဆီးရမိရေးတပ်မတော်ဆောင်ရွက်နေဟုဆို”
ပုံ - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

မတ်လ ၁၃။              ။ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်၊ လွယ်ခမ်ကျေးရွာတွင် မူးယစ်ဆေးဖမ်းဆီးရရှိမှုများရှိပြီး ထွက်ပြေးသွားသည့် တရားခံများဖမ်းဆီးရမိရေးဆောင် ရွက်နေကြောင်းတပ် မတော်သတင်း မှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကပြောသည်။

“တစ်ရွာလုံးလိုလို မူးယစ်ဆေးဝါးနှင့် ပတ်သက်သလိုဖြစ်နေတယ်။ ထပ်ပြီးတော့ စစ်ဆေးရမယ့် အိမ်တွေကျန်နေပါသေးတယ်။ အဲဒီအတွက် တရားခံတွေ ဖမ်းဆီးရမိနိုင်ပါသေးတယ်။ ထပ်ပြီးတော့ အဓိကတရားခံတွေဖမ်း မိဖို့ကိုလည်းလုပ်ဆောင်နေပါတယ်။ ဒီကနေ့ သတင်းကတော့ ကျွန်တော်လည်းမရသေးပါဘူး။ ဒါကမနေ့ကအခြေအနေထိပါ” ဟုတပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့ကဗိုလ်မှူးချုပ် ဇော်မင်းထွန်း ကပြောသည်။

ကွတ်ခိုင်မြို့နယ်၊ လွယ်ခမ်ကျေးရွာရှိ နေအိမ်၂၉လုံးမှ လက်နက်၊ခဲယမ်းများ၊မူးယစ်ဆေးဝါးများနှင့် မူးယစ်ဆေးဝါး ချက်လုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများရှာဖွေ ဖမ်းဆီးမိကြောင်းတပ်မတော်ကာ ကွယ်ရေး ဦးစီး ချုပ်ရုံးကသတင်းထုတ်ပြန်ထားသည်။

ပုံ - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

ဖေဖော်ဝါရီ ၂၈ရက်မှ မတ်လ၁၁ရက်အထိ လုံခြုံရေးတပ်ဖွဲ့ဝင်များက လွယ်ခမ်ကျေးရွာရှိအိမ်ခြေ ၃၃၃လုံးအနက် နေအိမ် ၂၆၆လုံးကို ရှာဖွေစစ်ဆေးခဲ့ရာနေအိမ် ၂၉လုံးတွင် လက်နက်နှင့် မူးယစ်ဆေးဝါးများသိမ်းဆည်း ရမိခဲ့ခြင်းဖြစ်သည်။

ကွတ်ခိုင်မြို့နယ်အတွင်းရှိကောင်းခါးကျေးရွာအနီးနှင့် လွယ်ခမ်ကျေးရွာတို့တွင် ဖေဖော်ဝါရီ ၂၈ရက်မှ မတ်လ ၁၂ရက်အထိ ဖမ်းဆီးရရှိသည်မှာစိတ်ကြွရူးသွပ်ဆေးပြားမျိုးစုံ ၁၃၁၃၀၃၀၀၀ပြား၊ ဘိန်းဖြူ ၂၅၈ ဒသမ ၇ ကီလို၊ ဘိန်းညို ၂၇၁ကီလို၊ ICE ၄၄၀ ဒသမ ၅ ကီလို အပါအဝင် စုစုပေါင်း မူးယစ်ဆေးဝါးများ၏ ခန့်မှန်းတန်ဖိုးငွေကျပ် ၂၈၇ ဘီလီယံကျော်နှင့် မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်း ၁၉၃မျိုး၏ ကာလ တန်ဖိုးသည် ငွေကျပ်၁ဘီလီယံကျော်ဖြစ်ရာစုစုပေါင်းငွေကျပ် ၂၈၈ ဘီလီယံကျော်ရှိပြီဖြစ်ကြောင်း တပ်မတော်ကသတင်းထုတ်ပြန်ထားသည်။

အဆိုပါ လက်နက်၊ ခဲယမ်းများ၊ မူးယစ်ဆေးဝါးများနှင့် မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြူသည့် ဆက်စပ်ပစ္စည်းများသိမ်းဆည်းရရှိမှုနှင့် ပတ်သက်၍ ထွက်ပြေးတိမ်းရှောင်နေသူများ၊ အဓိကတရားခံများ ပါဝင် ပတ်သက်သူများနှင့် သတင်းပေးရန် ပျက်ကွက်သူများကို ဖမ်းဆီးရမိရေးဆောင်ရွက်လျက်ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ သိရသည်။

သက်ဆိုင်ရာမြို့နယ်များအလိုက် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးဆိုင်ရာဥပဒေဖြင့် လုပ်ထုံးလုပ်နည်းနှင့်အညီ အမှုဖွင့်တိုင်ကြားခြင်းများ ဆောင်ရွက်ထားရှိပြီး လွယ်ခမ်ရွာတွင် ကျန်ရှိနေသည့် နေအိမ် ၆၇လုံးနှင့် ၎င်းနယ်မြေတစ်ဝိုက်အား လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က နယ်မြေလုံခြုံရေးလုပ်ငန်းများနှင့် ရှာဖွေစစ်ဆေးမှုများ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တပ်မတော်က သတင်းထုတ်ပြန် ထားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly