ကိုင်ရိုမှာ ရထားနှစ်စင်း တိုက်မှုဖြစ်ပွားတာကြောင့် လူ ၁၃ ဦး ဒဏ်ရာရ

ကိုင်ရိုမှာ ရထားနှစ်စင်း တိုက်မှုဖြစ်ပွားတာကြောင့် လူ ၁၃ ဦး ဒဏ်ရာရ
Photo: AFP

အီဂျစ်ရဲ့ မြို့တော် ကိုင်ရိုမှာ ကြာသပတေးနေ့က ခရီးသည်တင် ရထားနှစ်စင်း တိုက်မိရာမှာ လူ ၁၃ ဦး ထိခိုက်ဒဏ်ရာရကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ပြီး ဒီ ရထားတိုက်မှုကြောင့် နိုင်ငံတစ်ဝန်းက ရထားဝန်ဆောင်မှုတွေ ယာယီဆိုင်းငံ့ခဲ့ရပါတယ်။

အဲဒီ ရထားတိုက်မှုမှာ ထိခိုက်ဒဏ်ရာရသူတွေကို ကိုင်ရိုက ဆေးရုံတွေဆီ တင်ပို့ထားပြီး ရထားလမ်းပိုင်းဆိုင်ရာ အာဏာပိုင်တွေဟာ ရထားဝန်ဆောင်မှုတွေကို ခေတ္တဆိုင်းငံ့ကြောင်း ကြေညာခဲ့ရတာပါ။

ဆိုးဝါးတဲ့ ရာသီဥတုအခြေအနေကြောင့် အချက်ပြတာဝါက အလုပ်မဖြစ်တော့တာကြောင့် ရပ်ထားတဲ့ ရထားကို နောက် ရထားက ဝင်တိုက်တာဖြစ်တယလို့ ရထားဌာနက ဆိုပါတယ်။

မိုးသည်းထန်ပြီး လေပြင်းတိုက်ခတ်တာကြောင့် ကြာသပတေးမှာ ရုံးပိတ်ရက် အားလပ်ရက်အဖြစ် အစိုးရက ကြေညာထားတာလည်း ဖြစ်ပါတယ်။

အီဂျစ်ရဲ့ ရထားပြေးဆွဲမှု ကဏ္ဍမှာ ဘေးအန္တရာယ်တွေ ကြုံရလေ့ရှိတဲ့ သမိုင်းလည်း ရှိထားတာ ဖြစ်ပါတယ်။

၂၀၁၉ ဖေဖော်ဝါရီလအတွင်းက အရှိန်နဲ့ မောင်းနှင်တဲ့ ရထားစက်ခေါင်းဟာ ကိုင်ရိုက ဘူတာကြီးမှာ တိမ်းမှောက်လမ်းချော်ပြီး မီးလောင်တာကြောင့် လူပေါင်း ၂၀ ကျော်ထက်မနည်း သေဆုံးခဲ့ပါတယ်။

ရထားလမ်းပိုင်း ကွန်ရက်တွေကို ဆယ်စုနှစ်များစွာ ထိန်းသိမ်းပြုပြင်မှု နည်းပါးတာ၊ ပေါ့ဆတာနဲ့ ရန်ပုံငွေ မလုံလောက်တာတွေအပေါ် တာဝန်ရှိသူတွေက အပြစ်ဆိုလေ့ ရှိပါတယ်။

အီဂျစ်ရဲ့ ရထားမတော်တဆမှုတွေမှာ လူသေဆုံးမှုအများဆုံး မတော်တဆမှုအဖြစ် ၂၀၀၂ ခုနှစ်က ကိုင်ရိုမြို့တောင်ပိုင်း ဖြစ်ပွားခဲ့တဲ့ လူပြည့်ကျပ်စွာ လိုက်ပါလာတဲ့ ရထားတစ်စင်း မီးလောင်မှု ဖြစ်ရာက လူပေါင်း ၃၇၃ ဦး သေဆုံးခဲ့တဲ့ မတော်တဆမှုပဲ ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly